ကွင်းလယ်လူ လယ်လာနာကို ဘရိုက်တန် သက်တမ်းတိုး

ပရီးမီးယားလိဂ်ကလပ် ဘရိုက်တန်ဟာ အသင်းကွင်းလယ်လူ လယ်လာနာကို ၂၀၂၄ ခုနှစ် နွေရာသီအထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ အသက် ၃၄ နှစ်အရွယ် လယ်လာနာဟာ ၂၀၂၀ ပြည့်နှစ်က လီဗာပူး အသင်းကနေ ဘရိုက်တန်ဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာပါ။ ၃ ရာသီအတွင်း ၇၄ ပွဲ ကစားပြီး ၄ ဂိုး သွင်းယူနိုင်ခဲ့တဲ့ လယ်လာနာအနေနဲ့ ဒီရာသီမှာ ဘရိုက်တန်အသင်း အဆင့် ၇ မှာ ရောက်ရှိနေအောင်လည်း ကူညီပေးနေတာဖြစ်ပါတယ်။

တိုင်ဆန်ဖျူရီနှင့် အူဆိုက် ခါးပတ်ပေါင်းစည်းပွဲထိုးရန် အတည်ပြုချက်ရရှိထားကြောင်း WBA ထုတ်ပြန်

ကမ္ဘာ့လက်ဝှေ့အဖွဲ့ချုပ်(WBA) က ဟဲဗီးဝိတ်တန်း ချန်ပီယံများဖြစ်သည့် ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖျူရီ နှင့် ယူကရိန်းလက်ဝှေ့သမား အိုလက်ဇန္ဒားအူဆိုက်တို့ ခါးပတ်ပေါင်းစည်းပွဲထိုးသတ်ရန် သဘောတူညီမှုအတွက် အတည်ပြုချက် လက်ခံရရှိထားကြောင်း ထုတ်ပြန်ခဲ့သည်။

အူဆိုက်၏ပွဲစီစဉ်သူက လာမည့်ပွဲစဉ်မှာ ခါးပတ်ပေါင်းစည်းပွဲမဖြစ်နိုင်ကြောင်း သောကြာနေ့တွင် ပြောကြားခဲ့ သော်လည်း နောက်ဆုံးသတ်မှတ်ထားသည့် သောကြာနေ့ ဂရင်းဝစ်စံတော်ချိန် ည(၁၀)နာရီမတိုင်မီ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း WBA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

London Football Awards ဆုပေးပွဲမှာ အောင်ပွဲခံခဲ့ကြတဲ့ ဂန်းနားဆရာတပည့်များ

လန်ဒန်မြို့ခံကလပ်အသင်းတွေရဲ့ ကစားသမားတွေနဲ့ နည်းပြတွေထဲက ရွေးချယ်ပေးအပ်လေ့ရှိတဲ့ London Football Awards ဆုပေးပွဲမှာတော့ အာဆင်နယ်အသင်းသားတွေကပဲ အောင်ပွဲခံသွားခဲ့ကြပါတယ်။

ကတ်စမီရို၏ အနီကတ်ပြစ်ဒဏ်အတွက် မန်ယူအသင်း အယူခံတင်သွင်းမည်မဟုတ်

မန်ယူအသင်းဟာ ကွင်းလယ်လူ ကတ်စမီရိုရဲ့ အနီကတ် ပြစ်ဒဏ်အတွက် အယူခံတင်သွင်းခြင်းမပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘရာဇီးကွင်းလယ်လူဟာ တနင်္ဂနွေနေ့က ဆောက်သမ်တန်နဲ့ ဂိုးမရှိသရေကျ ခဲ့တဲ့ပွဲစဉ်မှာ တိုက်ရိုက်အနီကတ် ပြသခံခဲ့ရတာပါ။ ကတ်စမီရိုဟာ အခုနှစ်ရာသီအတွင်း ဒုတိယမြောက် အနီကတ်ပြသခံခဲ့ ရတာကြောင့် ပြည်တွင်းပွဲစဉ် ၄ ပွဲ ပွဲပယ်ခံရမှာပါ။ ဒါကြောင့် ဖူဟမ်အသင်းနဲ့ ကစားရမယ့် အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်၊ နယူးကာဆယ်၊ ဘရန့်ဖို့ဒ်၊ အဲဗာတန်အသင်းတွေနဲ့ ကစားရမယ့်  ပရီးမီးယားလိဂ်ပွဲစဉ်တွေကို လွဲချော်မှာဖြစ်ပါတယ်။ ကတ်စမီရိုဟာ ဥရောပလိဂ်တွေမှာ ပွဲပေါင်း ၅၀၀ ကျော်ကစားခဲ့ပေမဲ့ တိုက်ရိုက်အနီကတ် ပြသခံရဖူးခြင်းမရှိဘဲ ပရီးမီးယားလိဂ်ဒိုင်လူကြီးတွေနဲ့ ပွဲ ၂၀ လောက်တွေ့ဆုံမှသာ အနီကတ်နှစ်ကြိမ်အထိ ပြသခံရတာလို့  နည်းပြတန်ဟတ်ဂ်က ဝေဖန်ထောက်ပြထားပါတယ်။

ဂူးဂဲလ်မှာ ရှာဖွေမှုအများဆုံး ကစားသမားအဖြစ် ထိပ်ဆုံးက ပန်းပန်နေဆဲ စီရော်နယ်ဒို

ဆော်ဒီအာရေဗျကလပ် အယ်လ်နတ်စ်ဆာ ဆီကို ပြောင်းရွှေ့ရောက်ရှိသွားခဲ့ပြီဖြစ်ပေမယ့် ဂူးဂဲလ်မှာ ရှာဖွေမှု အများဆုံး ကစားသမားအဖြစ် ထိပ်ဆုံးကနေ ပန်းပန်နေတဲ့သူကတော့ စီရော်နယ်ဒို ဖြစ်ကြောင်း သိရှိရပါတယ်။

FOOTGOAL ရဲ့စစ်တမ်းကောက်ယူချက်တွေအရ ၂၀၂၃ ခုနှစ်ထဲမှာ စီရော်နယ်ဒိုကို ဂူးဂဲလ်မှာ ရှာဖွေကြည့်ရှုမှုက လတ်တလောမှာ ၁၇ ဒသမ ၄ သန်းအထိ ရှိနေပြီလို့ သတင်းတွေက ဆိုပါတယ်။

ယခုနှစ်အတွင်း နိုင်ငံငါးခုတွင် သရုပ်ပြလက်ဝှေ့ပွဲငါးပွဲ ထပ်မံထိုးသတ်မည်ဖြစ်ကြောင်း မေဝယ်သာ ကြေညာ

ပရော်ဖက်ရှင်နယ်လက်ဝှေ့လောကမှ အနားယူထားသည့် နာမည်ကြီး အမေရိကန်လက်ဝှေ့သမားဟောင်း ဖလွိုက်မေဝယ်သာက ယခုနှစ်အတွင်း နိုင်ငံငါးခုတွင် သရုပ်ပြလက်ဝှေ့ပွဲငါးပွဲ ထပ်မံထိုးသတ်မည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။

အသက် ၄၆ နှစ်ရှိပြီဖြစ်သည့် မေဝယ်သာသည် ၂၀၁၇ ခုနှစ်တွင် ပွဲ ၅၀ ကစား၊ ပွဲ ၅၀ စလုံး အနိုင်ရသည့်မှတ်တမ်း ပိုင်ဆိုင်ပြီးနောက် ပရော်ဖက်ရှင်နယ်လက်ဝှေ့လောကမှ အနားယူခဲ့ပြီး သရုပ်ပြလက်ဝှေ့ပွဲများ ဆက်တိုက်ထိုးသတ် လျက်ရှိသည်။ ၎င်းက “The Heist” ဟု အမည်ပေးထားသည့် သရုပ်ပြလက်ဝှေ့ခရီးစဉ်ကို ယခုနှစ်အတွင်း နိုင်ငံငါးခုတွင် ထိုးသတ်မည်ဖြစ်ကြောင်း Instagram ဗီဒီယိုမှတစ်ဆင့် အတည်ပြုကြေညာခဲ့ခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကို ရပ်ရှ်ဖို့ဒ် တစ်ရာသီအတွင်း (၃)ကြိမ်မြောက်ရရှိပြီး ဆာလာ၏စံချိန်အား လိုက်မီ

မန်ယူအသင်း၏ တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်သည် ဖေဖော်ဝါရီလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆု ရရှိခဲ့သည့်အတွက် တစ်ရာသီအတွင်း (၃) ကြိမ်မြောက်ရရှိပြီး လီဗာပူးလ်တိုက်စစ်ကစားသမား ဆာ လာ၏ စံချိန်အား လိုက်မီခဲ့သည်။

ရပ်ရှ်ဖို့ဒ်သည် ဖေဖော်ဝါရီလအတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်(၄)ပွဲတွင် (၅)ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့သည့်အတွက် တစ်လတာ အကောင်းဆုံးကစားသမားဆု ရရှိခဲ့ခြင်းဖြစ်ပြီး ဆာလာ၏ တစ်ရာသီအတွင်း အများဆုံးရရှိသည့်စံချိန်ကို လိုက်မီခဲ့ခြင်းဖြစ်သည်။

PSG ကနေ ထွက်ခဲ့ဖို့ တိုက်စစ်မှူးဘက်ပီကို ကာရေဂါ တိုက်တွန်း

ပြင်သစ်တိုက်စစ်မှူး ကီလီယန်ဘက်ပီအနေနဲ့ ချန်ပီယံလိဂ်ဖလားဆွတ်ခူးချင်တယ်ဆိုရင် လက်ရှိကလပ် PSG ကို စွန့်ခွာဖို့ လိုအပ်ကြောင်း ဘောလုံးပွဲသုံးသပ်တင်ဆက်သူ ဂျေမီကာရေဂါ က တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဘက်ပီနဲ့ အသင်းဖော်တိုက်စစ်မှူး မက်ဆီတို့ဦးဆောင်တဲ့ PSG ဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာ ဘိုင်ယန်မြူးနစ်ကို နှစ်ကျော့ပေါင်းရလဒ် ၃-၀ နဲ့ရှုံးပြီး ပြိုင်ပွဲကထွက်ခဲ့ရပါတယ်။

မက်ဆီရဲ့ငယ်ဘဝအကြောင်းကို အန်နီမေးရှင်းရုပ်ရှင် ကြည့်ရတော့မယ်

ကမ္ဘာ့ဖလားပိုင်ရှင် အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင် မက်ဆီရဲ့ငယ်ဘဝပုံရိပ်တွေအကြောင်းကို အန်နီမေးရှင်း ရုပ်ရှင်အဖြစ် အသက်သွင်းပါတော့မယ်။ ဘယ်သူက အသက်သွင်းမလဲဆိုတော့ ဆိုနီ က အသက်သွင်းမှာပါ။ ဒီအန်နီးမေးရှင်း ရုပ်ရှင်ကားမှာ ကလေးဘဝက မက်ဆီ ရင်ဆိုင်ခဲ့ရတဲ့ အတားအဆီးကြမ်းတွေ၊ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို မက်ဆီက အန်နီမေးရှင်းနဲ့ ပုံဖော်မယ်လို့ သိရပါတယ်။ ဒီအန်နီမေးရှင်းဇာတ်လမ်းကို ကလေးတွေနဲ့ ဆယ်ကျော်သက်တွေအတွက် ရည်ရွယ်ဖန်တီးတာလို့ ဆိုနီက ပြောထားပါတယ်။ ဒီရုပ်ရှင်ကား ဖန်တီးမှုအတွက် မက်ဆီကလည်း ဆိုနီနဲ့ သဘောတူထားလိုက်ပြီလို့ သတင်းကြားသိရပါတယ်။

PSG MMA ဟူသည့်အမည်ဖြင့် MMA အသင်းဖွဲ့စည်းရန် PSG အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီ စီစဉ်နေသည်ဟု သတင်းထွက်

PSG အသင်း၏ဥက္ကဋ္ဌဖြစ်သူ အယ်လ်ခီလိုင်ဖီသည် PSG MMA ဟူသည့်အမည်ဖြင့် MMA အသင်း ဖွဲ့စည်းတည်ထောင်ရန် စီစဉ်နေကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။

အယ်လ်ခီလိုင်ဖီသည် နာမည်ကျော် MMA ကစားသမား ခါဘိနှင့် ပူးပေါင်းကာ အဆိုပါအစီအစဉ်ကို အကောင်အထည်ဖော်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ပရိသတ်များကမူ ထင်မြင်ချက်အမျိုးမျိုး ပေးခဲ့ကြသည်။