ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင်လူငယ်များ လေ့လာရေးခရီးရောက်ရှိ

 

၂၁-၄-၂၀၁၉ နေပြည်တော်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်မှ လေ့လာရေးအဖွဲ့ ပြည်ခိုင်ဖြိုးပါတီဝင်လူငယ်များသည် ၂၀-၄-၂၀၁၉ ရက်နေ့ ၁၃း၄၅ နာရီအချိန်တွင် မော်တော်ယာဉ်များဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် နေပြည်တော်သို့ ရောက်ရှိပြီး ညအိပ်တည်းခိုရပ်နားခဲ့ပါသည်။

လေ့လာရေးအဖွဲ့သည် ၂၁-၄-၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ပြည်ထောင်စုနယ်မြေအတွင်းလေ့လာရေးသွားရောက်ခဲ့ကြပြီး ၉း၃၀ နာရီအချိန်တွင် ပါတီဌာနချုပ်သင်တန်းခန်းမဆောင်သို့ ရောက်ရှိခဲ့သည်။ ပါတီမှ သင်တန်းခန်းမဆောင်တွင် လက်ဖက်ရည်၊ မုန့်တို့ဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။

သင်တန်းခန်းမတွင် ပါတီဗဟိုအလုပ်အမှုဆောင်ဦးလှသိန်းက ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး လွှတ်တော်အတွင်း ဖွဲ့စည်းပုံ ပြင်ဆင်ရန်ဆောင်ရွက်ချက်ရှိကြသည့် ပုဒ်မများ၏အနှစ်သာရနှင့် ရည်ရွယ်ချက်များကို အသိပေးရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ၄င်းနောက် လေ့လာရေးအဖွဲ့အား တစ်ဦးချင်းလိုက်လံနှုတ်ဆက်ခဲ့ပြီး အခမ်းအနားကို နေ့လည် ၁၁း၃၀ နာရီအချိန်တွင် ပြီးမြောက်ခဲ့ပါသည်။

လေ့လာရေးအဖွဲ့သည် မွန်းလွဲ ၁၃း၀၀ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးသို့ လေ့လာရေးခရီးအဖြစ် ဆက်လက်ထွက်ခွာမည်ဖြစ်ပါသည်။

တွေ့ဆုံပွဲအခမ်းအနားသို့ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း၊ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်နှင့် ဌာနမှူးများ၊ လေ့လောရေးအဖွဲ့ခေါင်းဆောင် ဗန်းမော်ခရိုင်ပါတီကော်မတီဝင် ဗန်းမော်မြို့နယ်တာဝန်ခံ ဒေါ်နန်းစိုးစိုးအောင်နှင့် ပါတီဝင်လူငယ် (၉၀) ဦးတို့တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။