တိုင်ဆန်ဖျူရီနှင့် အူဆိုက် ခါးပတ်ပေါင်းစည်းပွဲထိုးရန် အတည်ပြုချက်ရရှိထားကြောင်း WBA ထုတ်ပြန်

ကမ္ဘာ့လက်ဝှေ့အဖွဲ့ချုပ်(WBA) က ဟဲဗီးဝိတ်တန်း ချန်ပီယံများဖြစ်သည့် ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖျူရီ နှင့် ယူကရိန်းလက်ဝှေ့သမား အိုလက်ဇန္ဒားအူဆိုက်တို့ ခါးပတ်ပေါင်းစည်းပွဲထိုးသတ်ရန် သဘောတူညီမှုအတွက် အတည်ပြုချက် လက်ခံရရှိထားကြောင်း ထုတ်ပြန်ခဲ့သည်။

အူဆိုက်၏ပွဲစီစဉ်သူက လာမည့်ပွဲစဉ်မှာ ခါးပတ်ပေါင်းစည်းပွဲမဖြစ်နိုင်ကြောင်း သောကြာနေ့တွင် ပြောကြားခဲ့ သော်လည်း နောက်ဆုံးသတ်မှတ်ထားသည့် သောကြာနေ့ ဂရင်းဝစ်စံတော်ချိန် ည(၁၀)နာရီမတိုင်မီ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း WBA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နှစ်ဖက်စလုံး၏ အဖွဲ့ဝင်များက အပြီးသတ်စာချုပ် ချုပ်ဆိုရန် အချိန်တောင်းဆိုထားပြီး ဧပြီ(၂၉) ရက်တွင် လန်ဒန်မြို့ရှိ ဝင်ဘလေကွင်း၌ ထိုးသတ်ဖွယ်ရှိ ကြောင်း သိရသည်။

သောကြာနေ့ အစောပိုင်းတွင် တိုင်ဆန်ဖျူရီက အဆိုပါပွဲစဉ်အတွက် ထိုးကြေးရာခိုင်နှုန်းကို (၇၀/၃၀) ဖြင့် ကမ်းလှမ်းထားကြောင်း လူမှုမီဒီယာများမှတစ်ဆင့် ပြောကြားခဲ့ပြီး အူဆိုက်၏ ရှေ့နေတစ်ဦးကလည်း တိုင်ဆန်ဖျူရီ က ရာခိုင်နှုန်း(၇၀)၊ အူဆိုက်က ရာခိုင်နှုန်း(၃၀) ဖြင့် ထိုးသတ်ရန် သဘောတူညီမှုရထားကြောင်း Reuters သတင်းဌာနသို့ ပြောကြားသည်။

ထို့ပြင် အူဆိုက်ကလည်း အင်္ဂလိပ်ကစားသမားအနေဖြင့် ယူကရိန်းပြည်သူများအတွက် ပေါင်တစ်သန်း ချက်ချင်း လှူဒါန်းမည်ဆိုလျှင်၊ နှောင့်နှေးမှုဖြစ်ပါက ၎င်းရရှိမည့် ထိုးကြေးတစ်ရာခိုင်နှုန်းကို ယူကရိန်းပြည်သူများအား နေ့စဉ်ပေးအပ်မည်ဆိုလျှင် လက်ခံမည်ဖြစ်ကြောင်း သောကြာနေ့ ညပိုင်းတွင် Instagram မှတစ်ဆင့် ဗီဒီယိုဖြင့် တုံ့ပြန်ပြောကြားသည်။

တိုင်ဆန်ဖျူရီ (၃၄ နှစ်) သည် WBA(Super)၊ IBF၊ WBO နှင့် IBO ဟဲဗီးဝိတ်တန်း ချန်ပီယံဟောင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် WBC ချန်ပီယံခါးပတ်ရရှိခဲ့သည်။

၎င်းသည် ချန်ပီယံကာကွယ်ပွဲ(၃)ပွဲ စလုံး အလဲထိုးဖြင့် အနိုင်ရထားပြီး ပရော်ဖက်ရှင်နယ်ပွဲ စုစုပေါင်း (၃၄)ပွဲထိုးသတ်ရာတွင် ရှုံးပွဲလုံးဝမရှိဘဲ (၃၃) ပွဲနိုင်၊ တစ်ပွဲသရေကျထားသည်။

အူဆိုက် (၃၆ နှစ်) မှာလည်း ခရူဆာဝိတ်တန်းတွင် အငြင်းပွားဖွယ်မရှိ ချန်ပီယံခါးပတ်အားလုံး ရယူနိုင်ခဲ့သူဖြစ်ပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာတွင် WBA(Super)၊ IBF၊ WBO နှင့် IBO ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ်များ ထပ်မံရယူနိုင်ခဲ့သည်။ အူဆိုက်သည် ပွဲ (၂၀) ထိုးသတ်ထားရာတွင် ရှုံးပွဲလုံးဝမရှိဘဲ ပွဲအားလုံး အနိုင်ရထားသူ ဖြစ်သည်။ Eleven