PSG MMA ဟူသည့်အမည်ဖြင့် MMA အသင်းဖွဲ့စည်းရန် PSG အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီ စီစဉ်နေသည်ဟု သတင်းထွက်

PSG အသင်း၏ဥက္ကဋ္ဌဖြစ်သူ အယ်လ်ခီလိုင်ဖီသည် PSG MMA ဟူသည့်အမည်ဖြင့် MMA အသင်း ဖွဲ့စည်းတည်ထောင်ရန် စီစဉ်နေကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။

အယ်လ်ခီလိုင်ဖီသည် နာမည်ကျော် MMA ကစားသမား ခါဘိနှင့် ပူးပေါင်းကာ အဆိုပါအစီအစဉ်ကို အကောင်အထည်ဖော်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ပရိသတ်များကမူ ထင်မြင်ချက်အမျိုးမျိုး ပေးခဲ့ကြသည်။

ခါဘိသည် အယ်လ်ခီလိုင်ဖီအပါအဝင် PSG အသင်းမှ နာမည်ကျော်ကစားသမားများနှင့် ရင်းနှီးသည့် ဆက်ဆံရေး ရှိသူဖြစ်သောကြောင့် အလုပ်သဘောမပါသည့် ပုံမှန်တွေ့ဆုံမှုသာဖြစ်ဖွယ်ရှိကြောင်း ထင်မြင်သူများရှိသလို၊ ပရိသတ် အချို့ကမူ ကောလာဟလသတင်း မဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့ကြသည်။

အယ်လ်ခီလိုင်ဖီသည် ခါဘိသာမက အက်ဘ်ဒီလာဇစ်၊ အဘူဘာသီလီ စသည့် MMA ကစားသမားများကို ဆက်သွယ်ခဲ့ပြီး ယင်းကစားသမားများထဲမှ အချို့ကလည်း PSG MMA ဆိုသည့်အသင်း မကြာမီ ထွက်ပေါ်လာဖွယ်ရှိကြောင်း Twitter တွင် ရေးသားခဲ့ကြသည်။ သို့သော် ဖြစ်နိုင်ခြေအများဆုံးမှာ PSG အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင် ဖီအနေဖြင့် မိတ်ဆွေဖြစ်သူ ခါဘိ MMA အသင်းဖွဲ့စည်းရန်အတွက် ကူညီပေးရန်သာ ဖြစ်လိမ့်မည်ဆိုသော သုံးသပ်ချက်ပင်ဖြစ်သည်။

ဘောလုံးပရိသတ်တစ်ဦးဖြစ်သည့် ခါဘိသည် နာမည်ကျော်ဘောလုံးသမားများစွာနှင့် ရင်းနှီးကျွမ်းဝင်သူ ဖြစ်သော်လည်း ယခုနောက်ပိုင်း၌ PSG ကစားသမားများနှင့် ပိုမိုအဆက်အသွယ်ရှိနေသူဖြစ်သည်။ ထို့ပြင် အယ်လ်ခီလိုင်ဖီက ၎င်းကို ချန်ပီယံလိဂ်ပွဲကြည့်ရှုရန်ပင် ဖိတ်ခေါ်ခဲ့ဖူးကြောင်းလည်း သိရသည်။