ယခုနှစ်အတွင်း နိုင်ငံငါးခုတွင် သရုပ်ပြလက်ဝှေ့ပွဲငါးပွဲ ထပ်မံထိုးသတ်မည်ဖြစ်ကြောင်း မေဝယ်သာ ကြေညာ

ပရော်ဖက်ရှင်နယ်လက်ဝှေ့လောကမှ အနားယူထားသည့် နာမည်ကြီး အမေရိကန်လက်ဝှေ့သမားဟောင်း ဖလွိုက်မေဝယ်သာက ယခုနှစ်အတွင်း နိုင်ငံငါးခုတွင် သရုပ်ပြလက်ဝှေ့ပွဲငါးပွဲ ထပ်မံထိုးသတ်မည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။

အသက် ၄၆ နှစ်ရှိပြီဖြစ်သည့် မေဝယ်သာသည် ၂၀၁၇ ခုနှစ်တွင် ပွဲ ၅၀ ကစား၊ ပွဲ ၅၀ စလုံး အနိုင်ရသည့်မှတ်တမ်း ပိုင်ဆိုင်ပြီးနောက် ပရော်ဖက်ရှင်နယ်လက်ဝှေ့လောကမှ အနားယူခဲ့ပြီး သရုပ်ပြလက်ဝှေ့ပွဲများ ဆက်တိုက်ထိုးသတ် လျက်ရှိသည်။ ၎င်းက “The Heist” ဟု အမည်ပေးထားသည့် သရုပ်ပြလက်ဝှေ့ခရီးစဉ်ကို ယခုနှစ်အတွင်း နိုင်ငံငါးခုတွင် ထိုးသတ်မည်ဖြစ်ကြောင်း Instagram ဗီဒီယိုမှတစ်ဆင့် အတည်ပြုကြေညာခဲ့ခြင်းဖြစ်သည်။

The Heist သရုပ်ပြလက်ဝှေ့ပွဲစဉ်များကို တောင်ကိုရီးယား၊ ဂျာမနီ၊ ဂျပန်၊ သြစတြေးလျနှင့် အမေရိကန်နိုင်ငံ၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ “ဒါက ကျွန်တော့်ရဲ့ ၂၀၂၃ မှာ လုပ်သွားမယ့်ပုံစံပါ။ ကိုးလအတွင်း နိုင်ငံငါးခုမှာ သရုပ်ပြပွဲငါးပွဲ ထိုးသတ်ပါမယ်။ ဒီသရုပ်ပြပွဲတွေ မထိုးဖြစ်ရင်လည်း ငွေကရနေတုန်းပဲ။ ကျွန်တော်က လက်ဝှေ့လောကမှာ အတက်ကြွဆုံး ကစားသမားပဲ။ ကျွန်တော့်ငွေကြေးကလည်း အာမခံချက်ရှိတယ်” ဟု မေဝယ်သာက ပြောကြားခဲ့သည်။

မေဝယ်သာသည် ပရော်ဖက်ရှင်နယ်လက်ဝှေ့လောကမှ အနားယူပြီးနောက် သရုပ်ပြလက်ဝှေ့ပွဲခြောက်ပွဲ ထိုးသတ်ထားပြီး ဂျပန်ကစ်ဘောက်ဆင်ကစားသမား နာဆူကာဝါ၊ MMA ကစားသမား အာဆာကူရာ၊ ဗြိတိန် YouTuber Deji တို့ကို အနိုင်ရကာ အမေရိကန် YouTuber လိုဂန် ပေါလ်၊ အမေရိကန်လက်ဝှေ့သမား ဒွန်မိုး၊ အင်္ဂလန် MMA ကစားသမားဟောင်း အာရွန်ချယ်လ်မာတို့နှင့်ပွဲများမှာမူ အရှုံးအနိုင်မပေါ်ဘဲ ပြီးဆုံးထားသည်။

၀ိတ်တန်းငါးခုတွင် ချန်ပီယံခါးပတ်များ ရရှိခဲ့ဖူးသူ မေဝယ်သာသည် ပရော်ဖက်ရှင်နယ်ပွဲစုစုပေါင်း ၅၀ ထိုးသတ်ခဲ့ရာ အလဲထိုး ပွဲ ၂၇ ပွဲ၊ အမှတ်ဖြင့် ၂၃ ပွဲအပါအဝင် ပွဲအားလုံး အနိုင်ရပြီး သရေပွဲမရှိ၊ ရှုံးပွဲမရှိမှတ်တမ်းပိုင်ဆိုင်ထားသူဖြစ်သည်။