ဘော်လ်ကန်ဒေသရဲ့ တစ်နှစ်တာအကောင်းဆုံးအားကစားသမားဆုကို မိုဒရစ် ရရှိ

၂၀၁၈ ခုနှစ်အတွင်း တစ်ဦးချင်းအကောင်းဆုံးကစားသမားဆုများစွာ ဆွတ်ခူးထားတဲ့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ မိုဒရစ်ဟာ အခုလည်း ဘော်လ်ကန်ဒေသရဲ့ တစ်နှစ်တာအကောင်းဆုံး အားကစားသမားဆုကို ရရှိသွားခဲ့ပြီး ၁၉၉၄ ခုနှစ်က ဘူလ်ဂေးရီးယားကြယ်ပွင့် စတွိုက်ကော့နောက်ပိုင်း အဲဒီဆုကိုရတဲ့ ဒုတိယမြောက် ဘောလုံးသမားဖြစ်လာခဲ့ပါတယ်။

Ballod d’Or ဆုရှင် မိုဒရစ်ဟာ ကလပ်အသင်းရီးရဲလ်နဲ့အတူ ချန်ပီယံလိဂ်နဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဗိုလ်စွဲခဲ့ပြီး ရုရှားကမ္ဘာ့ဖလားမှာ ခရိုအေးရှားအသင်း ဗိုလ်လုပွဲရောက်ခဲ့ရာမှာလည်း အဓိကကျသူဖြစ်ခဲ့ပါတယ်။

ဘူလ်ဂေးရီးယားသတင်းအေဂျင်စီက ချီးမြှင့်ပေးတဲ့ အဲဒီဆုအတွက် ၃၃ နှစ်အရွယ် မိုဒရစ်ဟာ မဲပေးမှုရဲ့ ၇၅ မှတ် ရရှိခဲ့ပြီး ဆားဘီးယားရဲ့ကမ္ဘာ့နံပါတ် ၁ တင်းနစ် အကျော်အမော် ဂျိုကိုဗစ်ကို ကျော်ဖြတ်ရရှိခဲ့တာပါ။

မိုဒရစ်ဟာ အဲဒီဆုအတွက် ခရိုအေးရှားမြို့တော်ဇာဂရက်ကို ပြန်ပြီး သွားရောက်လက်ခံရယူခဲ့ပါတယ်။ ဘော်လ်ကန်ဒေသဆိုတာ အရှေ့တောင်ဥရောပနိုင်ငံတွေဖြစ်ပြီး အဲဒီထဲမှာ ဂရိ၊အယ်လ်ဘေးနီယား၊ မက်ဆီဒိုးနီးယား၊ ဘူလ်ဂေးရီးယား၊ရိုမေးနီးယား၊ ဆားဘီးယား၊ မွန်တီနီဂရိုးနဲ့ ဘော့စနီးယားတို့ ပါဝင်ပါတယ်။

-Ref: Skysports