မေ၀ယ်သာနဲ့ မထိုးဖြစ်ရင် လက်ဝှေ့လောကကနေ အနားယူနိုင်တဲ့ ပက်ကွီအို

ပွဲတိုင်းနိုင် လက်ဝှေ့သမား မေ၀ယ်သာ နဲ့ စိတ်မကျေပွဲ ပြန်မထိုးဖြစ်ရင် လက်ဝှေ့လောကကနေ ပက်ကွီအို အနားယူနိုင်တယ်လို့ သူ့ရဲ့နည်းပြ ဖရက်ဒီရို့ခ်ျ က ပြောပါတယ်။

ဖိလစ်ပိုင် လက်ဝှေ့သမား ပက်ကွီအို ဟာ ပြီးခဲ့တဲ့လအတွင်း အက်ဒရီယန်ဘရွန်နာကို အနိုင်ယူပြီး သူ့ရဲ့ WBA ၀ယ်တာဝိတ်ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့ပါတယ်။

ပက်ကွီအို ဟာ ၂၀၁၅ ခုနှစ်တုန်းက ရှုံးနိမ့်ခဲ့ဖူးတဲ့ မေ၀ယ်သာ နဲ့ စိတ်မကျေပွဲ ပြန်ထိုးဖို့ စိတ်အားထက်သန်နေပြီး မေ၀ယ်သာကို စိတ်ခေါ်ထားသူပါ။ မေ၀ယ်သာနဲ့ မထိုးဖြစ်ရင် ကိတ်သာမန် နဲ့ ထိုးသတ်နိုင်ခြေ ရှိပေမဲ့ လက်ဝှေ့ လောကကနေ အနားယူဖို့ ဆုံးဖြတ်နိုင်တယ်လို့ သူ့ရဲ့နည်းပြဆရာ ဖရက်ဒီရို့ခ်ျက ဆိုပါတယ်။

၂၀၁၅ ခုနှစ်တုန်းက မေ၀ယ်သာနဲ့ ပက်ကွီအိုတို့ ထိုးသတ်ခဲ့တဲ့ပွဲစဉ်ဟာ လက်ဝှေ့သမိုင်းတစ်လျှောက် ၀င်ငွေအများဆုံး ပွဲစဉ်ဖြစ်ခဲ့ပြီး အခပေးကြည့်ရှုမှု (pay per view) နဲ့ ရုံဝင်ကြေးကနေ ပေါင်သန်း ၄၇၀ ရရှိခဲ့ပါတယ်။ မေ၀ယ်သာဟာ ၂၀၁၅ ခုနှစ်မှာ လက်ဝှေ့လောကနေ အနားယူပြီလို့ ကြေညာခဲ့ပေမဲ့ ၂၀၁၇ ခုနှစ်မှာ သိုင်းပေါင်းစုံ ကစားသမား မက်ဂရီဂေါ်နဲ့ ထိုးသတ်ခဲ့သလို သိပ်မကြာသေးခင်ကလည်း ဂျပန် ကစ်ဘောက်ဆင်သမား နာဆုဂါဝါ နဲ့ ထိုးသတ်ခဲ့ပါသေးတယ်။

-Ref: Skysports