ဒီနှစ်အတွက် ဒုတိယမြောက်မေဂျာဆုဖလားကို တောင်ကိုရီးယားသူ ဂိုဂျင်ယောင်းရယူ

အမျိုးသမီးဂေါ့ဖ်ပြိုင်ပွဲရဲ့ မေဂျာပြိုင်ပွဲ(၅)ခုအနက် (၁)ခုဖြစ်တဲ့ အီဗီယန်ချန်ပီယံရှစ်ဂေါ့ဖ်ပြိုင်ပွဲမှာ တောင်ကိုရီးယား သူ ဂိုဂျင်ယောင်းချန်ပီယံဆုရယူခဲ့ပါတယ်။ ပြင်သစ်နိုင်ငံအီဗီယန်မြို့မှာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ပြိုင်ပွဲ နောက်ဆုံး နေ့ပွဲမှာ ဂိုဂျင်ယောင်းက(၆၇)ချက်ရိုက်ခဲ့ပြီး စုစုပေါင်းရိုက်ချက်(၂၆၉)ချက် ရိုက်ခဲ့ပါတယ်။ ဒါကြောင့် ဂိုဂျင်ယောင်းဟာ သတ်မှတ်ရိုက်ချက်အောက်(၁၅)ချက် လျော့ရိုက်ပြီးချန်ပီယံဆုကို ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။ အသက်(၂၄)နှစ်သာရှိသေးတဲ့ ဂိုဂျင်ယောင်းဟာ (၂၀၁၉)ANAအင်စပီရေးရှင်း ပြိုင်ပွဲမှာလည်း ချန်ပီယံဆုကို ရယူထားနိုင်ခဲ့တာဖြစ်လို့ ကစားသမားဘ၀ဒုတိယမြောက် မေဂျာဆုဖလားကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ (၂၀၁၈)LPGAတစ်နှစ်တာအကောင်းဆုံးတက်သစ် ကစားသမားဆုကို ရရှိခဲ့တဲ့ဂိုဂျင်ယောင်းဟာ လက်ရှိကမ္ဘာ့ အဆင့်(၁၀)မှာ ရပ်တည်နေပါတယ်။ ပြိုင်ပွဲတစ်ရပ်လုံးအတွက် ဆုကြေး ဒေါ်လာ(၄ဒဿမ၁)သန်း ချီးမြှင့်တဲ့ ဒီပြိုင်ပွဲမှာအနိုင်ရခဲ့တဲ့ဂိုဂျင်ယောင်းကဆုကြေးဒေါ်လာ(၆၁၅၀၀၀)ရရှိခဲ့တယ်လို့သိရပါတယ်။ Skysports