၂၀၁၆ ခုနှစ် ဘီဘီစီ အာဖရိက အကောင်းဆုံးဘောလုံးသမားဆု မာရက်ဇ် ရရှိ

ဘီဘီစီကရွေးချယ်ချီးမြှင့်တဲ့ ၂၀၁၆ ခုနှစ် အာဖရိကအကောင်းဆုံး ဘောလုံးသမားအဖြစ် အယ်လ်ဂျီးရီးယား လက်စတာအသင်းမှ ကွင်းလယ်ကစားသမား မာရက်ဇ်က ရရှိခဲ့ကြောင်း သိရှိရပါတယ်။

 

ကမ္ဘာတစ်လွှားမှ ပရိသတ်များက အူဘာမီယန်း၊  အန်ဒရေအယူး၊ မာနေနှင့် ယာယာတိုရေးတို့ကို ကျော်ဖြတ်ပြီး အယ်လ်ဂျီးရီးယားနှင့် လက်စတာအသင်း ကွင်းလယ်ကစားသမားကို မဲပေးရွေးချယ်ခဲ့တာဖြစ်ပါတယ်။

“ဒီဆုဟာ အများကြီး အဓိပ္ပာယ်ရှိပါတယ်။ အာဖရိက ကစားသမားများအတွက် ကြီးမားတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ကျနော် အလွန်ဝမ်းသာပြီး အလွန်ဂုဏ်ယူမိပါတယ်” လို့ မာရက်ဇ်က ဘီဘီစီကို ပြောပါတယ်။

“ဒါ့အပြင် အယ်လ်ဂျီးရီးယား ပရိသတ်တွေကို ကျေးဇူးတင်တယ်လို့ဆိုပါရစေ။ ဒီဆုကို ကျနော့်မိသားစုနှင့် ပရိသတ်တွေအတွက် ရည်စူးပါတယ်” လို့ ထည့်သွင်းပြောဆိုသွားပါတယ်။

မာရက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက လက်စတာအသင်းနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုရရှိခဲ့ရာမှာ အဓိကနေရာမှ ပါဝင် ခဲ့ပြီး ၁၇ ဂိုး သွင်းယူကာ ၁၁ ဂိုး ဖန်တီးပေးနိုင်ခဲ့တာကြောင့် အခုလို ဆုချီးမြှင့်ခံရတာဖြစ်ပါတယ်။ ၎င်းဟာ တစ်နှစ်တာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအဖွဲ့ (PFA) ဆုကိုလည်း ရရှိခဲ့ပြီးသူဖြစ်ပါတယ်။

လက်စတာနည်းပြ ရာနီရေးရီက “အလွန်ဆွဲဆောင်မှုကောင်းတဲ့ ကစားသမားတစ်ဦးအဖြစ် ဆက်ပြီး ကျနော် သူ့ကို မြင်ချင်ပါတယ်။ ကျနော်တို့အသင်းအတွက် အလွန်အရေးပါတဲ့ ကစားသမားဖြစ်ပါတယ်။ သူက နေ့စဉ်နဲ့အမျှ တိုးတက်နေသူပါတယ်။”လို့ ဘီဘီစီကို ပြောပါတယ်။

မာရက်ဇ်ဟာ ဖီဖာက ဦးစီးဆောင်ရွက်တဲ့ တစ်နှစ်တာ အကောင်းဆုံးသမားအတွက် ဆန်ခါတင် ၂၃ ဦးထဲမှာ အာဖရိကမှ တစ်ဦးတည်းသော ကစားသမားအဖြစ် ပါဝင်ခဲ့ပါတယ်။

Ref; BBC Sports


Leave a Reply