ဟာလေချန်ပီယံဆုကို ဖက်ဒရာ(၁၀)ကြိမ်မြောက် ရရှိ

ဂျာမနီနိုင်ငံ ဟာလေမြို့မှာ တနင်္ဂနွေနေ့ကကျင်းပပြီးစီးတဲ့ ဟာလေအိုးပင်းတင်းနစ်ပြိုင်ပွဲမှာ ကမ္ဘာ့နံပါတ်(၃) ဖြစ်တဲ့ ဖက်ဒရာက ချန်ပီယံဆုကို(၁၀)ကြိမ်မြောက်ရရှိပြီး အောင်မြင်မှုစံချိန် တင်သွားပါတယ်။ အမျိုးသား တစ်ဦးချင်း ဗိုလ်လုပွဲမှာ ဆွစ်ဇာလန်တင်းနစ်သမား ဖက်ဒရာက ကမ္ဘာအဆင့်(၃၃)ရှိ ဘယ်လ်ဂျီယံ တင်းနစ်သမား ဒေးဗစ်ဂေါ့ဖင်ကို (၇း၆၊၆း၁)နဲ့(၈၃)မိနစ်ကြာ ကစားပြီး အနိုင်ရပါတယ်။

ဖက်ဒရာဟာ မြက်ခင်းကွင်းဖြစ်တဲ့ ဒီဟာလေပြိုင်ပွဲမှာ(၁၀)ကြိမ် မြောက်ဗိုလ်စွဲပြီး တခြားတိုး(Tour)အဆင့် မြက်ခင်းကွင်းပြိုင်ပွဲတွေနဲ့ပါဆိုရင်တော့ (၁၉)ကြိမ် ဗိုလ်စွဲထားပါတယ်။ ကွင်းမာနဲ့ ရွှံ့စေးကွင်းပြိုင်ပွဲတွေ အပါအ၀င် တိုးအဆင့်ပြိုင်ပွဲအားလုံးမှာတော့ အသက်(၃၇)နှစ်ရှိ ဖက်ဒရာဟာ တိုးချန်ပီယံဆုကို(၁၀၂)ကြိမ် ရထားပါတယ်။ ဒီစံချိန်ဟာ အမေရိကန် တင်းနစ်သမား ဂျင်မီကောနားရဲ့အောင်မြင်မှုစံချိန်ကို မီဖို့(၇)ခု သာလိုပါတယ်။ ဂရင်းစလမ်ချန်ပီယံဆု စုစုပေါင်းအကြိမ်(၂၀)ရထားတဲ့ ဖက်ဒရာဟာ ဒီဟာလေပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်တဲ့အတွက် ဇူလိုင်(၁)ရက်စတင်မယ့် ၀င်ဘယ်ဒန်ပြိုင်ပွဲမှာလည်း ရလဒ်ကောင်းဖို့ မျှော်လင့်နေပါတယ်။ 

-Ref:Skysports