စိုးလင်းဦးနှင့် သွေးသစ်ဝင်းလှိုင်တို့ အဓိကယှဉ်ပြိုင်မည့် တွဲဆိုင်း ၈ ဆိုင်းပါ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို နိုဝင်ဘာ ၂၇ ရက်တွင် ကျင်းပပြုလုပ်မည်

The Great Lethwei(TGL) က ဦးဆောင်၍ နာမည်ကြီးရိုးရာလက်ဝှေ့သမားများဖြစ်သော စိုးလင်းဦးနှင့် သွေးသစ်ဝင်းလှိုင်တို့ အဓိကယှဉ်ပြိုင်ထိုးသတ်မည့် တွဲဆိုင်း ၈ ဆိုင်းပါ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို လာမည့်နိုဝင်ဘာ ၂၇ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် အဓိကခေါင်ပွဲအဖြစ် ၆၇-၇၁ ကီလို(လိုက်မစ်ဒယ်ဝိတ်တန်း) ၌ စိုးလင်းဦးနှင့် သွေးသစ်ဝင်းလှိုင်၊ ဒုတိယခေါင်ပွဲအဖြစ် ၆၇-၇၁ ကီလို(လိုက်မစ်ဒယ်ဝိတ်တန်း) ၌ ကျော်စွာဝင်းနှင့် မင်းထက်အောင်၊ အခြားတွဲဆိုင်းများအဖြစ် ၆၃.၅-၆၇ ကီလို (ဝယ်လ်တာဝိတ်တန်း) ၌ သွေးသစ်မောင်နှင့် စောမင်းမင်း၊ ၆၀- ၆၃.၅ ကီလို(လိုက်ဝယ်လ်တာဝိတ်တန်း) ၌ စောဝါလုနှင့် ကိုနိုင်း၊ ၆၀- ၆၃.၅ ကီလို(လိုက်ဝယ်လ်တာဝိတ်တန်း) ၌ မ်ုးမှောင်နှင့် ထက်နိုင်အောင်၊ ၅၇- ၆၀ ကီလို (လိုက်ဝိတ်တန်း) ၌ ဇွဲမာန်နှင့် စောဂျွန်၊ ၅၄- ၅၇ ကီလို(ဖယ်သာဝိတ်တန်း) ၌ ကိုကိုနှင့် အောင်ထက်ဦး၊ ၅၄- ၅၇ ကီလို(ဖယ်သာဝိတ်တန်း) ၌ မိုးဟိန်းနှင့် စောငမောက်တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ကြောင်း သိရသည်။

The Great Lethwei(TGL) သည် ယင်းပြိုင်ပွဲနှင့် ပတ်သက်၍ ကျင်းပမည့်နေရာနှင့် ပရိသတ်ဝင်ရောက် ကြည့်ရှုခွင့်များအတွက် တရားဝင်သတင်းထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

ယင်းပြိုင်ပွဲကို လာမည့် နိုဝင်ဘာ ၂၇ ရက်၊ နေ့လယ် ၂ နာရီ မှစ၍  CANAL+ က တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း တရားဝင်သတင်းထုတ်ပြန်ထားသည်။ စိုးလင်းဦးနှင့် သွေးသစ်ဝင်းလှိုင်တို့ ယခု တွေ့ဆုံမှုမှာ ဒုတိယအကြိမ် တွေ့ဆုံမှုဖြစ်ကြောင်း သိရသည်။

စိုးလင်းဦးနှင့် သွေးသစ်ဝင်းလှိုင်တို့သည် ပြီးခဲ့သည် ဇန်နဝါရီအတွင်းက မြိုင်ကြီးငူတွင် ပထမဆုံးအကြိမ် တွေ့ဆုံယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ထိုစဉ်က အရှုံးအနိုင် မပေါ်ဘဲ သရေကျခဲ့ကြောင်း သိရသည်။

စိုးလင်းဦးသည် ပြီးခဲ့သည့် သြဂုတ်အတွင်းက နောက်ဆုံးယှဉ်ပြိုင်ထိုးသတ်ထားပြီး သုံးလကျော် ပွဲဝေးနေခဲ့ပြီးမှ ယခုပွဲကို ပြန်လည်ပြိုင်ထိုးသတ်ခြင်းဖြစ်သည်။

စိုးလင်းဦးသည် ပြီးခဲ့သည့် သြဂုတ်လအတွင်းက ရန်ကုန်မြို့တွင် ထိုင်းနိုင်ငံသား မွေထိုင်းလက်ဝှေ့အကျော် အမော် ဝီဂျစ်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ အရှုံးအနိုင်မပေါ်ဘဲ သရေကျခဲ့သည်။

စိုးလင်းဦးသည် ယခု ၂၀၂၂ ခုနှစ်ထဲတွင် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ လေးပွဲ ယှဉ်ပြိုင်ထိုးသတ်ထားရာတွင် တစ်ပွဲနိုင်၊ သုံးပွဲသရေကျထားသည်။

စိုးလင်းဦးသည် သွေးသစ်ဝင်းလှိုင်၊ ဝီဂျစ်၊ ယှူးခလိန်းမင်းတို့နှင့် သရေကျထားပြီး ဖေဖော်ဝါရီအတွင်းက ထိုင်းနိုင်ငံသားမွေထိုင်းလက်ဝှေ့သမား ဖားပရပ်ကို အနိုင်ရရှိထားသည်။

သွေးသစ်ဝင်းလှိုင်သည် ပြီးခဲ့သည့် ရက်ပိုင်းကမှ ဘားအံမြို့တွင် ကရင်ပြည်နယ်နေ့ အထိမ်အမှတ်အဖြစ် အောင်ခိုင်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ငါးချီတွင် အလဲထိုးဖြင့် အနိုင်ရရှိထားကြောင်း သိရသည်။  eleven sport