ဘောလုံးသမားဘဝမှ အိုဇေးလ် အနားယူ

ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမားဟောင်း အိုဇေးလ်ဟာ အသက် ၃၄ နှစ် အရွယ်မှာပဲ ကစားသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဂျာမန်ကလပ် ရှော်ကဲ နဲ့ ဝါဒါဘရီမင် တို့မှာ ကစားသမားဘဝ စတင်ခဲ့တဲ့ အိုဇေးလ် ဟာ ရီးရဲလ်မက်ဒရစ် နဲ့ အာဆင်နယ် အသင်းတွေမှာတော့ အောင်မြင်မှုတွေ ရရှိခဲ့တာပါ။
အက်ဖ်အေဖလား ၄ ကြိမ် နဲ့ စပိန်လာလီဂါ ချန်ပီယံဆုတွေ အပါအဝင် ဆုဖလား ၉ လုံး ရယူနိုင်ခဲ့တဲ့ အိုဇေးလ်အနေနဲ့ ကစားသမားဘဝ နေဝင်ချိန်တွေကိုတော့ တူကီယဲကလပ်တွေဖြစ်တဲ့ ဖီနာဘာချီ နဲ့ ဘာဆက်ဆီဟာ တို့မှာ ကုန်ဆုံးခဲ့တာ ဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ၁၇ နှစ်နီးပါးမှာ မေ့မရနိုင်တဲ့ အခိုက်အတန့်တွေ ပိုင်ဆိုင်ခဲ့သလို အခုတော့ အရာအားလုံး အဆုံးသတ်ရတော့မယ်လို့ အိုဇေးလ်က ဆိုရှယ်မီဒီယာကနေ သူ့ရဲ့အနားယူမှုကို ထုတ်ပြန်ကြေညာခဲ့တာပါ။ ဒဏ်ရာပြဿနာတွေနဲ့အတူ နောက်ဆုံး ကစားတဲ့ ဘာဆက်ဆီဟာ အသင်းမှာ ၈ ပွဲသာ ပါဝင်နိုင်ခဲ့တဲ့ အိုဇေးလ်အနေနဲ့ ဂျာမနီလက်ရွေးစင်အဖြစ် ၂၀၀၉ ကနေ ၂၀၁၈ ခုနှစ်အထိ ကစားခဲ့ချိန်မှာတော့ ၉၂ ပွဲ မှာ ၂၃ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။