မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်

မြောက်ကိုရီးယားဟာ မတ်လ ၁၆ ရက် အစောပိုင်းက ပြုံယမ်းမြို့အနီးကနေ အရှေ့ဘက်ကို တိုက်ချင်းပစ်ဒုံးကျည် (ICBM) ၁ စင်း ပစ်လွှတ်ခဲ့တယ်လို့ ဂျပန်အစိုးရ ထိပ်တန်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဒီပစ်လွှတ်မှုဟာ နျူးကလီးယားလက်နက် ကိုင်ဆောင်ထားတဲ့ မြောက်ကိုရီးယားကို တန်ပြန်မယ့် နည်းလမ်းတွေကို ဆွေးနွေးဖို့ မျှော်လင့်ထားတဲ့ ထိပ်သီးဆွေးနွေးပွဲအတွက် တိုကျိုမြို့ကို လေယာဉ်ခရီး မစတင်ခင် နာရီပိုင်းလောက်မှာ လုပ်ဆောင်ခဲ့တာပါ။

“ဒီနေ့ကျင်းပတဲ့ ဂျပန်-တောင်ကိုရီးယား ထိပ်သီးအစည်းအဝေးမှာ မြောက်ကိုရီးယားရဲ့ ပြီးပြည့်စုံတဲ့ နျူးကလီးယားကင်းစင်ရေးကို ဦးတည်ပြီး တောင်ကိုရီးယားနဲ့ အမေရိကန်တို့ အနီးကပ် ပူးပေါင်းဆောင်ရွက်မှုကို အတည်ပြုသွားမှာဖြစ်ကြောင်း” ဂျပန်အစိုးရအဖွဲ့ အတွင်းဝန် ဟီရိုကာဇု မတ်ဆုနိုက သတင်းထောက်တွေကို ပြောပါတယ်။

ပြုံယမ်းက ရန်လိုတဲ့လုပ်ရပ်အဖြစ် ရှုတ်ချထားတဲ့ စစ်ရေးလေ့ကျင့်မှုကို တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးတွဲလုပ်ဆောင်နေတဲ့ကြားကပဲ မြောက်ကိုရီးယားဟာ အခုသီတင်းပတ်အတွင်း ဒုံးကျည်အများအပြား ပစ်လွှတ်နေတာ ဖြစ်ပါတယ်။

တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ် ဒုံးကျည် (ICBM) ပစ်လွှတ်မှုကို မတ်လ ၁၆ ရက်က ရှုတ်ချလိုက်ပြီး ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့ပါတယ်။

“ဒီနေ့ သမ္မတ ယွန်းဆွတ်ခ်ယိုး ဂျပန်နိုင်ငံကို မလာရောက်မီလေးမှာပဲ မြောက်ကိုရီးယားက တာဝေးပစ် ပဲ့ထိန်းဒုံးကျည်တစင်း ပစ်လွှတ်တာကို ကျနော်တို့အစိုးရက ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်” လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းမ်ဆူဆွတ်ခ်က ပြောပါတယ်။

ဒီကနေ့ တာဝေးပစ် ပဲ့ထိန်းဒုံးကျည် အပါအဝင် မြောက်ကိုရီးယားရဲ့ မကြာသေးမီက ဆက်တိုက်ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်တွေဟာ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် အများအပြားကို ရှင်းရှင်းလင်းလင်း ချိုးဖောက်ခဲ့တာ ဖြစ်ကြောင်းနဲ့ ဒါဟာ ဒေသတွင်း တင်းမာမှုတွေ ပြင်းထန်လာစေတဲ့ အဓိက ရန်စမှုတခုလည်းဖြစ်ကြောင်း ပြောပါတယ်။

ခိုင်မာတဲ့ တောင်ကိုရီးယား-အမေရိကန် ပူးတွဲကာကွယ်ရေး ရပ်တည်ချက်ကို ထိန်းသိမ်းထားသမျှ တောင်ကိုရီးယား အစိုးရဟာ နိုင်ငံတကာ အသိုက်အဝန်းနဲ့ လက်တွဲလုပ်ဆောင်မှာဖြစ်ပြီး တရားမဝင် ရန်စမှုတွေကနေတဆင့် ဘာကိုမှ မရနိုင်ကြောင်းကို မြောက်ကိုရီးယားက သေချာ နားလည်သဘောပေါက်အောင် အခိုင်အမာ တုံ့ပြန်သွားမှာ ဖြစ်ကြောင်းလည်း တောင်ကိုရီးယား နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းမ်ဆူးဆွခ်က ပြောပါတယ်။