တရုတ် လာအိုရထားလမ်းဆောက်လုပ်ရေး တရားဝင်စတင်

တရုတ်-လာအို ရထားလမ်းဆောက်လုပ်ရေးလုပ်ငန်းများ တရားဝင်စတင်သည့် အထိမ်းအမှတ်အဖြစ်လာအိုနိုင်ငံ Luang Prabang (လူအန်ပရာဘန်) မြို့တွင် ဒီဇင်ဘာလ(၂၅)ရက်နေ့က အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းရထားလမ်းသည် တရုတ်နိုင်ငံ Yunnan (ယူနန်) ပြည်နယ် Kuming (ကူမင်း)မြို့မှ စတင်ပြီး၊ အရှည် (၄၁၃.၃၃) ကီလိုမီတာရှိကာ၊ လာအိုမြောက်ပိုင်း Mohan-Boten (မိုဟန်ဘိုတန်) နယ်စပ်ဂိတ်မှ မြို့တော် Vientiane (ဗီယန်ကျင်း) အထိ ဆောက်လုပ်သွားမည်ဟု သိရသည်။

ကြားတွင် ရထားဘူတာပေါင်း (၃၂)ခုရှိမည်ဖြစ်ပြီး အမြန်နှုန်း တစ်နာရီလျှင် (၁၆၀)ကီလိုမီတာဖြင့် မောင်းနှင် သွားရန် သတ်မှတ်ထားသည်။ ရထားလမ်းတည်ဆောက်မှုများ၏ ကုန်ကျစရိတ်မှာ တရုတ်ယွမ်ငွေ (၄၀) ဘီလီယံ ရှိမည်ဖြစ်ပြီး  ဆောက်လုပ်ရန်ကြာမြင့်ချိန်ကို (၅)နှစ် သတ်မှတ်ထားကာ တရုတ်နိုင်ငံမှ စုစုပေါင်း ကုန်ကျငွေ၏ (၇၀)ရာခိုင်နှုန်းနှင့် လာအိုနိုင်ငံမှ (၃၀) ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံသွားမည်ဟု သိရသည်။

အဆိုပါ ရထားလမ်းမှာ pan-Asia (ပန်-အေရှ) ရထားလမ်းစနစ်၏ အရေးပါသည့် အစိတ်အပိုင်းတစ်ခုဖြစ်သလို၊ တရုတ်၊ လာအိုနှင့် ထိုင်းကို ဆက်သွယ်ထားသည့် အရေးပါသည့် လမ်းကြောင်းတစ်ခုလည်း ဖြစ်သည်။

ထို့အပြင် တရုတ်နည်းပညာ၊ ပစ္စည်းကိရိယာများကိုအသုံးပြုတည်ဆောက်ကာ တရုတ်နိုင်ငံ၏ ရထားလမ်းစနစ်နှင့် တိုက်ရိုက်ဆက်သွယ်ထားသည့် ပထမဆုံး ပြည်ပရထားလမ်းတစ်ခုဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

Central News Bureau