ကက်ရှ်မီးယားက ထိပ်တိုက်တွေ့မှုတွေမှာ အနည်းဆုံး (၄)ဦး သေဆုံး

နယူးဒေလီ၊ စက်တင်ဘာ ၂၈

အိန္ဒိယမြောက်ပိုင်း ကက်ရှ်မီးယားမှာ စက်တင်ဘာ ၂၇ ရက်က ဆူပူအကြမ်းဖက်ထိပ်တိုက်တွေ့မှုတွေအတွင်း အိန္ဒိယစစ်သား တစ်ဦးနဲ့ သောင်းကျန်းသူသူပုန် သုံးဦး သေဆုံးတယ်လို့ တာဝန်ရှိသတင်းရင်းမြစ်တွေအရ သိရပါတယ်။

ဘတ်ဒမ်းခရိုင်မှာ ရဲနဲ့ စစ်တပ် ပူးပေါင်းစစ်ဆင်ရေးအတွင်း စစ်သွေးကြွနှစ်ဦးကို သုတ်သင်နိုင်ပြီး တတိယမြောက် စစ်သွေးကြွကိုတော့ အနန်နက်ခရိုင်က အလားတူစစ်ဆင်ရေးအတွင်းမှာ သုတ်သင်လိုက်နိုင်တာဖြစ်တယ်လို့ အိန္ဒိယ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တွစ်တာကတစ်ဆင့် ထုတ်ပြန်ပါတယ်။

စစ်သွေးကြွတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြား ထိပ်တိုက်တွေ့မှုတွေ ဖြစ်လာပြီးနောက်မှာ အိန္ဒိယပိုင် ကက်ရှ်မီးယားက ခရိုင်အချို့မှာ အစိုးရက စစ်ဆင်ရေးသုံးရပ် ဆင်နွှဲခဲ့တာဖြစ်ကြောင်း ဌာနေမီဒီယာတွေက သတင်းဖော်ပြပါတယ်။

စက်တင်ဘာ ၂၇ ရက်က ဆန္ဒပြမှုတစ်ရပ်မှာ ရဲတွေကို ဆန္ဒပြသူတွေက မျက်ရည်ယိုဗုံးတွေ ပြန်လည်ပစ်ပေါက်ချိန် ပစ်ခတ်မှုကြောင့် မိုဟာမတ်ဆာလမ်မာလက်ဆိုသူ ဆန္ဒပြသူတစ်ဦး သေဆုံးခဲ့ပါတယ်။

သေဆုံးသွားတဲ့ မိုဟာမက်ဆာလမ်မာလက်ရဲ့ အသုဘကို လူအုပ်စုလိုက်က လိုက်ပါပို့ဆောင်ပြီး ၀မ်းနည်းပူဆွေးမှု ကို ပြသကြကြောင်း အီးပီအေသတင်းထောက်က သတင်းပေးပို့ပါတယ်။

အိန္ဒိယထိန်းချုပ်ရာ ကက်ရှ်မီးယားဒေသဟာ နိုင်ငံရဲ့ မွတ်စလင်အများစု ရှိရာ ဒေသတစ်ခုဖြစ်ပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်နှစ်နိုင်ငံစလုံးက ၁၉၄၇ ခုနှစ် ဗြိတိသျှထံက လွတ်လပ်ရေးရပြီးနောက်ပိုင်း ကက်ရှ်မီးယားဒေသ တစ်ခုလုံး ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေကြတာ ဖြစ်ပါတယ်။

Mizzima