ထိုင်ဝမ်ကျွန်းကို ဘယ်လိုပေးဆပ်မှုမျိုးနဲ့ မဆို ခုခံကာကွယ်သွားမှာဖြစ်ကြောင်း အမေရိကန်ရေတပ်ကို တရုတ် သတိပေး

ထိုင်ဝမ်လွတ်လပ်ရေးကို ထောက်ခံတဲ့ မည်သည့်ကြားဝင် စွက်ဖက်မှုမျိုးကိုမဆို ဆန့် ကျင်ကြောင်း တရုတ် ထိပ်တန်းစစ်ဘက်အရာရှိတစ်ဦးက အမေရိကန်ရေတပ်ကို အင်္ဂါနေ့ မှာ သတိပေးပြောဆိုလိုက်ကာ ၄င်းတို့ ပိုင်နက်အဖြစ် သတ်မှတ်ထားတဲ့ ကျွန်းဒေသကို ဘယ်လိုပေးဆပ်ရမှုမျိုးနဲ့မဆို ပေကျင်းက ကာကွယ်သွားမှာ ဖြစ်တယ်လို့  ဆိုခဲ့ပါတယ်။

တရုတ် ဗဟိုစစ်ကော်မရှင် အဖွဲ့ ဝင်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ် လီကျိုးချန် က အမေရိကန် ရေတပ် စစ်ဆင်ရေး ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး ဂျွန်ရစ်ချတ်ဆင်နဲ့ ပေကျင်းမှာ တွေ့ ဆုံခဲ့စဉ် ယင်းကဲ့သို့  ပြောဆိုခဲ့တာဖြစ်ပါတယ်။

မော်စီတုန်းရဲ့ကွန်မြူနစ်အဖွဲ့ တွေ အနိုင်ရခဲ့တဲ့ ပြည်တွင်းစစ်ပွဲအပြီး ၁၉၄၉ ခုနှစ်မှ စကာ တရုတ်ပြည်မကြီးနဲ့ ထိုင်ဝမ်တို့ ကွဲထွက်သွားခဲ့ပြီးနောက် နှစ်ဖက်စလုံးက ကိုယ်ပိုင် အုပ်ချုပ်မှုတွေအသီးသီးနဲ့ ရှိနေခဲ့သော်ငြား ထိုင်ဝမ်ဒေသဟာ ၄င်းတို့ ရဲ့  ပြန်လည် ပေါင်းစည်းရမယ့် ပိုင်နက်တစ်ခုအဖြစ် တရုတ်က ရှုမြင်ထားပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်မှုရှိတဲ့ ကျွန်းဒေသဟာ ကိုယ်ပိုင်ငွေကြေး၊ အလံနဲ့ အစိုးရအဖွဲ့ တို့ ရှိပေမယ့် ကုလသမဂ္ဂက လွတ်လပ်တဲ့နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုထားခြင်းမရှိပါဘူး။ ထိုင်ဝမ်အစိုးရက လွတ်လပ်ရေးတရားဝင် ကြေညာလာခဲ့ရင် ဒါမှမဟုတ် ထိုင်ဝမ်ရဲ့  တရားဝင်မဟုတ်တဲ့ မဟာမိတ် အမေရိကန်အပါအ၀င် ပြင်ပနိုင်ငံတွေရဲ့  ကြားဝင်စွက်ဖက်မှုတွေရှိလာရင် ကျွန်းဒေသကို အင်အားသုံးသိမ်းပိုက်မယ့်အရေး တုံ့ ဆိုင်းနေမှာ မဟုတ်ဘူးလို့  ပေကျင်းက ပြောဆိုထားပါတယ်။

ထိုင်ဝမ်အရေးဟာ တရုတ်ရဲ့ ပြည်တွင်းရေးတစ်ခုဖြစ်သလို၊ တရုတ်ရဲ့ အခြေခံကျတဲ့ အကျိုးစီးပွားကိစ္စတွေ၊ တရုတ်လူထုရဲ့ အမျိုးသားရေးခံစားချက်တွေနဲ့ သက်ဆိုင်ကြောင်း၊ ပြင်ပ ကြားဝင်စွက်ဖက်မှုမျိုးမရှိမှသာ သည်းခံ စောင့်စည်းသွားမှာဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ လီကျိုးချန်က ပြောဆိုထားခဲ့ပါတယ်။

“တစ်ယောက်ယောက်က ထိုင်ဝမ်ကို တရုတ်နိုင်ငံကနေ ခွဲထုတ်ချင်နေတယ် ဆိုရင်တော့ တရုတ်စစ်တပ်ဟာ အမိမြေအတွက် ဘယ်လို ပေးဆပ်မှုမျိုးနဲ့ မဆို စုစည်း ညီညွတ်စွာ ကာကွယ်သွားမှာဖြစ်ပါတယ်” လို့  ၄င်းက အမေရိကန်ရေတပ် ဦးစီးချုပ်ကို ပြောဆိုခဲ့ပါတယ်။  

Ref: CNA / Akonthi