နျူကလီးယားလက်နက် ပိတ်ပင်တားဆီးရေးဆိုင်ရာစာချုပ် မြန်မာလက်မှတ်ထိုး

နျူကလီးယားလက်နက် ပိတ်ပင်တားဆီးရေးဆိုင်ရာ နိုင်ငံတကာစာချုပ်မှာ  မြန်မာနိုင်ငံက ပါဝင်လက်မှတ် ရေးထိုးလိုက်ပြီ ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က စက်တင်ဘာ ၂၆ ရက်နေ့မှာ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ ၂၀၁၈ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ စာချုပ်စာတမ်းများ ချုပ်ဆိုပွဲ အခမ်းအနားမှာ တက်ရောက်ပြီး မြန်မာအစိုးရ ကိုယ်စား လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ စာချုပ်မှာ ၆၁ နိုင်ငံမြောက်အဖြစ် လက်မှတ်ရေးထိုးတာဖြစ်ပြီး အန်တီကွာဘာဗူဒါ၊ ဘီနင်၊ ဘရူနိုင်း၊ ဂီနီယာ ဗစ်ဆာရူ၊ ဆေရှဲလ်နဲ့ တီမောနိုင်ငံတို့ကလည်း အလားတူ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသလို ဂမ်ဘီယာ၊ ဆာမိုအာ၊ ဆန်မာရီနိုနဲ့ ဗန်နွာတူနိုင်ငံတို့ကလည်း  စာချုပ်မှာ အတည်ပြု ပါဝင်ခဲ့ကြပါတယ်။

လက်ရှိ အဆိုပါစာချုပ်ကို ပါဝင်လက်မှတ်ရေးထိုးပြီးတဲ့ နိုင်ငံပေါင်း ၆၇ နိုင်ငံနဲ့ အတည်ပြုပြီးနိုင်ငံ ၁၉ နိုင်ငံ ရှိပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာတော့ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ လာအို၊ မြန်မာ၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတို့က လက်မှတ်ရေးထိုးထားပြီး ထိုင်းနိုင်ငံကတော့ လက်မှတ်မထိုးရသေးဘဲ အတည်ပြု ပါဝင်ထားပါတယ်။

နျူကလီးယားလက်နက် ပိတ်ပင်တားဆီးရေးဆိုင်ရာ နိုင်ငံတကာစာချုပ်မှာ မြန်မာ ပါဝင်လက်မှတ်ထိုးဖို့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးအတည်ပြုထားပြီးလည်း ဖြစ်ပါတယ်။

 DVB