ပူတင်နှင့် တွေ့ဆုံပြီးနောက် ဆီးရီးယားတွင် ရုရှားအခြေစိုက် စခန်းသစ်များ ထားရှိရန်ကို သမ္မတ အာဆတ်က ကြိုဆို

ဆီးရီးယားသမ္မတ ဘာရှာ အယ်လ် အာဆတ် သည် ရုရှားနိုင်ငံ မော်စကိုသို့ သွားရောက်လည်ပတ်ခဲ့စဉ် ရုရှားသမ္မတပူတင်နှင့်တွေ့ဆုံပြီးနောက် အရှေ့အလယ်ပိုင်းတွင် စစ်အခြေစိုက်စခန်းသစ်များ ထူထောင်ရန်နှင့် တပ်ဖွဲ့ဝင်အရေအတွက် တိုးမြင့်ရန် ရုရှား၏ အဆိုပြုချက်များကို ကြိုဆိုကြောင်း ပြောကြားခဲ့သလို၊ ရုရှား၏ စစ်စခန်းများတည်ရှိမှုသည်လည်း အမြဲတမ်းဖြစ်သင့်သည်ဟု အကြံပြုလိုက်သည်။

ဗုဒ္ဓဟူးနေ့က ကရင်မ်လင်နန်းတော်တွင် သမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံခဲ့သော အယ်လ်အာဆတ်က ရုရှား၏ အထူးစစ်ဆင်ရေးကိုထောက်ခံခဲ့ပြီး ရုရှားတို့က တောင်းဆိုထားသော နယ်မြေများကိုလည်း အသိအမှတ်ပြုကြောင်း ရုရှားအစိုးရသတင်းအေဂျင်စီ RIA ကို ပြောကြားခဲ့သည်။

ဆီးရီးယားသမ္မတ အာဆတ်က စစ်အခြေစိုက်စခန်းသစ်များ ထူထောင်ရန်နှင့် ရုရှားတပ်ဖွဲ့ဝင်အရေအတွက် တိုးမြင့်ရန် ရုရှား၏ အဆိုပြုချက်များကို ကြိုဆိုမည်ဖြစ်ပြီး ယာယီထားရှိရန်မဟုတ်ပဲ အမြဲတန်းထားရှိခြင်း ဖြစ်သင့်ကြောင်းကို ပြောကြားခဲ့သည်။

“ဆီးရီးယားမှာ ရုရှားရဲ့ တည်ရှိမှုကို တိုးချဲ့တာဟာ ကောင်းတဲ့အရာလို့ ကျွန်တော်တို့ ထင်ပါတယ်” ဟု အယ်လ်အာဆတ်က ကြာသပတေးနေ့က အင်တာဗျူးတစ်ခုတွင် RIA သို့ ပြောကြားခဲ့သည်။