အာကာသခရီးသွားနိုင်မည့် မိုးပျံပူဖောင်းကို ဂျပန် တီထွင်

ဂျပန်နိုင်ငံက နည်းပညာကုမ္ပဏီတစ်ခုဟာ မကြာခင်မှာ မိုးပျံပူဖောင်းတွေစီးပြီး အာကာသကို ခရီးသွား နိုင်တော့မယ့် အစီအစဉ်တစ်ခုကို အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။ ဂျပန်နိုင်ငံမြောက်ပိုင်း ဆာပိုရိုမြို့အခြေစိုက်  Iwaya Giken ကုမ္ပဏီဟာ Blue Origin ၊ Virgin Galactic နဲ့  SpaceX တို့ကို ကျော်လွန်ပြီး အာကာသ ခရီးသွား လုပ်ငန်းဈေးကွက်ထဲ ဝင်ရောက်လာပြီဖြစ်ပါတယ်။

Iwaya Giken ကုမ္ပဏီဟာ ဒီစီမံကိန်းကို အကောင် အထည် ဖော်ဖို့ ၂၀၁၂ ခုနှစ်ကတည်းက လုပ်ဆောင်လာခဲ့တာပါ။ အခုတော့ အမြင့် ၂၅ ကီလိုမီတာအထိတက်နိုင်တဲ့ လေလုံထိုင်ခုံနှစ်ခုပါ မိုးပျံပူဖောင်းတစ်ခုကို တီထွင်နိုင်ခဲ့ပြီး အဲဒီမိုးပျံပူဖောင်းကနေ ကမ္ဘာမြေရဲ့ အကွေ့အကောက် ကို ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်လို့ ဆိုပါတယ်။ အထက်လေထုရဲ့ အလယ်လောက်အထိသာ တက်နိုင်မှာ ဖြစ်တဲ့အတွက် ခရီးသည်တွေအနေနဲ့ အာကာသထဲအထိ ရောက်မှာမဟုတ်ပေမယ့် လက်ရှိအမြင့်ဟာ ဂျက်လေ ယာဉ်တစ်စီးပျံသန်းတဲ့ အမြင့်ထက် ပိုမြင့်တာကြောင့် အာကာသအပြင်ပိုင်းကို အတားအဆီးမရှိ မြင်နိုင်တယ်လို့ ဆိုပါတယ်။

အာကာသခရီးစဉ်တစ်ခုအတွက် ကြီးကြီးမားမားလေ့ကျင့်မှုတွေလုပ်ဖို့ မလိုအပ်သလို လက်မှတ်ဈေး နှုန်းလည်းကြီးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အာကာသမိုးပျံပူဖောင်းခရီးစဉ်အတွက် လျှောက်လွှာတွေကို အင်္ဂါနေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ဩဂုတ်လကုန်ပိုင်းအထိ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ပထမဆုံး ခရီးသည် ၅ ယောက်ကို အောက်တိုဘာလထဲမှာ ကြေညာပေးမှာဖြစ်ပြီး ခရီးစဉ်တွေကို ရာသီဥတုအခြေအနေ ပေါ်မူတည်ပြီး တစ်ပတ်ခြားတစ်ခါလောက်ထွက်ပေးမယ်လို့ ကုမ္ပဏီတာဝန်ရှိသူတွေက ပြောပါတယ်။