ဉာဏ်ရည်တုနည်းပညာသုံး အလိုအလျောက်မောင်းနှင်မှုစနစ်သစ် ဟွန်ဒါကုမ္ပဏီ ဖန်တီးနေ

ဂျပန်အခြေစိုက် ဟွန်ဒါကုမ္ပဏီဟာ အလိုအလျောက် မောင်းသူမဲ့ကားတွေ စီးပွားဖြစ်ထုတ်လုပ်ရေးအတွက် အရေးပါတဲ့ ခြေလှမ်းတစ်ရပ်အဖြစ် ဉာဏ်ရည်တုနည်းပညာသုံး အလိုအလျောက်မောင်းနှင်မှုစနစ်သစ်ကို ဖန်တီးနေတယ်လို့ ဆိုပါတယ်။

အဲဒီမောင်းနှင်မှုစနစ်သစ်မှာ မော်တော်ယာဉ်မှာ တပ်ဆင်ထားတဲ့ကင်မရာတွေကနေ အခြားကားတွေ၊ လမ်းသွားလမ်းလာတွေနဲ့ ပြင်ပဝန်းကျင်အခြေအနေကို ပိုမိုနားလည် လိုက်လျောညီထွေရှိမှာဖြစ်ပြီး ကင်မရာတွေရယူထားတဲ့ ပုံရိပ်တွေကို ခွဲခြမ်းစိတ်ဖြာပေးနိုင်မှာဖြစ်ပါတယ်။ ဟွန်ဒါဟာ ဒီနည်းပညာသစ်ကို ဂျပန်နိုင်ငံမှာ ဦးစွာစမ်းသပ်ဖို့ စီစဉ်နေပြီး အာရုံခံကိရိယာတွေ သို့မဟုတ် တိကျမြင့်မားတဲ့ ပုံရိပ်တွေ မလိုအပ်တာကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ် သက်သာစေမယ်လို့ ဟွန်ဒါကုမ္ပဏီက ပြောပါတယ်။ ဒါ့အပြင် ခရီးသည်တွေအတွက် မော်တော်ယာဉ်ကို ညွှန်ကြားဖို့ ပိုမိုလွယ်ကူစေရေးအတွက် လူတွေရဲ့ စကားတွေနဲ့ အမူအရာတွေကိုပါ နားလည်စေနိုင်တဲ့ ဉာဏ်ရည်တုနည်းပညာကိုပါ တီထွင်ဖန်တီးနေတယ်လို့ ဟွန်ဒါရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မျက်မှောက်ခေတ်မှာ လူသားတွေအနေနဲ့ အလိုအလျောက် လိုက်ပါစီးနင်းနိုင်တဲ့စနစ် လိုအပ်လာတယ်ဆိုတာ ယုံကြည်ကြောင်းနဲ့ ဒီနည်းပညာကို ၂၀၃၀ မှာ လက်တွေ့အသုံးပြုဖို့ ရည်ရွယ်ထားတယ်လို့ ဟွန်ဒါရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးရေးဌာန အင်ဂျင်နီယာချုပ် ယာဆူအိယူဂျီက ပြောပါတယ်။