ဂျာမနီနိုင်ငံအတွင်း Oppo နဲ့ OnePlus တို့ရဲ့ 4G ၊ 5G စမတ်ဖုန်းတွေကို ရောင်းချခွင့် ပိတ်ပင်

4G ၊ 5G နည်းပညာဆိုင်ရာ တီထွင်မှုမူပိုင်ခွင့်တွေ ချိုးဖောက်မှုနဲ့ပတ်သက်ပြီး ဂျာမနီဒေသဆိုင်ရာ တရားရုံးမှာ အနိုင်ရခဲ့ပြီးနောက် ဖင်လန်နည်းပညာကုမ္ပဏီ Nokia က တရုတ်စီးပွားရေးလုပ်ငန်းစု BBK electronics နဲ့ လက်အောက်ခံ စမတ်ဖုန်းထုတ်လုပ်ရေးကုမ္ပဏီတွေဖြစ်တဲ့  Oppo ၊ OnePlus တို့ကို တခြားဈေးကွက်တွေမှာပါ တရားစွဲဆိုဖို့ ပြင်ဆင်နေပါပြီ။

BBK electronics နဲ့ Oppo ၊ OnePlus တို့က Nokia ကုမ္ပဏီရဲ့ မူပိုင်ခွင့်တွေကို ချိုးဖောက်ခဲ့တယ်ဆိုပြီး ပြီးခဲ့တဲ့ သြဂုတ်လမှာ ဂျာမနီဒေသဆိုင်ရာတရားရုံးက ဂျာမနီနိုင်ငံအတွင်း Oppo နဲ့ OnePlus တို့ရဲ့ 4G ၊ 5G စမတ်ဖုန်းတွေကို ရောင်းချခွင့် ပိတ်ပင်ခဲ့တာပါ။  Nokia နဲ့ BBK electronics တို့ဟာ ၂၀၁၈ ခုနှစ်က မူပိုင်ခွင့်ဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြပြီး အဲဒီစာချုပ်က ၂၀၂၁ ခုနှစ်မှာ သက်တမ်းကုန်ဆုံးခဲ့ပါတယ်။ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက်မှာ Oppo ၊ OnePlus တို့အနေနဲ့ ကိုယ်ပိုင်နည်းပညာကို သုံးရင် သုံး၊ မသုံးရင် သက်တမ်းတိုးစာချုပ် ချုပ်ဆိုရမှာဖြစ်ပေမဲ့ အဲဒီလို လုပ်ဆောင်ခဲ့ခြင်း မရှိပါဘူး။

၂၀၂၁ ခုနှစ်မှာတော့ Nokia က ဥရောပနဲ့ အာရှဈေးကွက်အများအပြားမှာ Oppo ကို မူပိုင်ခွင့်ချိုးဖောက်မှုနဲ့ စွဲချက်တင်ခဲ့တာပါ။ Oppo နဲ့ OnePlus တို့ဟာ သူတို့ရဲ့စမတ်ဖုန်းတွေမှာ အသုံးပြုနေတဲ့  5G နည်းပညာအတွက် တရားဝင်လိုင်စင်မရှိဘူးလို့ ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ ဂျာမနီနိုင်ငံ မန်ဟိမ်းခရိုင် တရားရုံးက ဆုံးဖြတ်ခဲ့ပြီး ဂျာမနီနိုင်ငံအတွင်း Oppo နဲ့ OnePlus တို့ရဲ့ 4G ၊ 5G စမတ်ဖုန်းတွေကို ရောင်းချခွင့် ပိတ်ပင်ခဲ့တာပါ။

တကယ်လို့ လိုင်စင်သဘောတူစာချုပ် ချုပ်ဆိုထားမယ်ဆိုရင်  Oppo နဲ့ OnePlus တို့ဟာ သူတို့ရဲ့ ထုတ်ကုန်ပစ္စည်းတစ်ခု ရောင်းချရတိုင်း ယူရို ၂.၅၀ လောက် ပေးဆောင်ရမှာဖြစ်ပါတယ်။ ဒီပမာဏက မများဘူးဆိုပေမဲ့ ပစ္စည်းတစ်ခုစီကို အမြတ်နည်းနည်းပဲယူပြီး အရေအတွက်များများ ရောင်းရဖို့ ရည်ရွယ်တဲ့ သူတို့ရဲ့ စီးပွားရေးဗျူဟာအရ တွက်ခြေကိုက်ဖို့ မရှိပါဘူး။

အခုနောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေအရ 4G ၊ 5G နည်းပညာတွေပါ အကျုံးဝင်တဲ့  SEP (Service Enablement Platform) ကို ချိုးဖောက်မှုနဲ့  Nokia က သြစတြေးလျနိုင်ငံမှာ Oppo ကို တရားစွဲတော့မယ်လို့ သိရပါတယ်။ မိုဘိုင်းဖုန်း ထုတ်လုပ်ရေးလုပ်ငန်းမှာ ရှေ့တန်းရောက်တဲ့ Nokia ဟာ  5G နည်းပညာ တီထွင်မှုမူပိုင်ခွင့် ၄၀၀၀ ကျော် ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။

Nokia ဟာ Lenovo ၊ Samsung ၊ Xiaomi ၊ Apple၊ LG ၊ Blackberry အစရှိတဲ့ စမတ်ဖုန်းကုမ္ပဏီတွေနဲ့လည်း နည်းပညာအသုံးပြုမှုဆိုင်ရာ လိုင်စင်သဘောတူစာချုပ်တွေ ချုပ်ဆိုထားပါတယ်။ yoyarlay