တစ်နှစ်တာအတွင်း ဝင်ငွေအကောင်းဆုံးကစားသမားစာရင်းတွင် စံချိန်တင် လစာငွေရ ဘာပေ ဦးဆောင်ခဲ့ပြီး စီရော်နယ်လ်ဒို၊ မက်ဆီတို့ကိုကျော်ဖြတ်

PSG အသင်း၏ ပြင်သစ်လူငယ်ကြယ်ပွင့်တိုက်စစ်မှူး ဘာပေသည် အသင်းနှင့် ချုပ်ဆိုလိုက်သည့် စာချုပ်သစ်၏ လစာငွေနှုန်းထားကြောင့် လက်ရှိဘောလုံးလောကတွင် တစ်နှစ်တာအတွင်း ဝင်ငွေအကောင်းဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပြီး စီရော်နယ်လ်ဒိုနှင့် မက်ဆီတို့ကို ကျော်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

ဘာပေသည် PSG အသင်းနှင့် ချုပ်ဆိုခဲ့သည့် (၃)နှစ်စာချုပ်ကြောင့် တစ်နှစ်တာ လစာငွေမှာ ဒေါ်လာ (၁၀၅) သန်းအထိ ရှိနေပြီး ကြော်ငြာနှင့် စပွန်ဆာဝင်ငွေများတွင် စီရော်နယ်လ်ဒို၊ မက်ဆီတို့ကို မမီသော်လည်း စုစုပေါင်းဝင်ငွေတွင် ကျော်တက်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

သူသည် စပွန်ဆာဝင်ငွေ ဒေါ်လာသန်း (၂၀) ရရှိခဲ့သဖြင့် စုစုပေါင်းဝင်ငွေမှာ ဒေါ်လာ (၁၂၅)သန်း ရှိခဲ့သည်။

ဘောလုံးလောကတွင် အငြင်းပွားဖွယ်မရှိ စပွန်ဆာဝင်ငွေအကောင်းဆုံးကစားသမားအဖြစ် ရပ်တည်နေသည့် စီရော်နယ်လ်ဒိုမှာမူ တစ်နှစ်လစာငွေ ဒေါ်လာ (၅၃)သန်းအထိ ရရှိနေသလို၊ စပွန်ဆာဝင်ငွေမှာလည်း တစ်နှစ်လျှင် ဒေါ်လာသန်း (၆၀)အထိ ရရှိနေခြင်းကြောင့် စုစုပေါင်းဝင်ငွေ ဒေါ်လာ(၁၁၃)သန်းအထိရှိနေပြီး ဒုတိယနေရာ၌ ရပ်တည်နေခြင်းဖြစ်သည်။

တတိယနေရာတွင်မူ ဘာပေ၏ PSG အသင်းဖော်တစ်ဦးဖြစ်သည့် မက်ဆီက ရပ်တည်နေပြီး ယင်းကစားသမား (၃)ဦးသည် တစ်နှစ်ဝင်ငွေဒေါ်လာသန်း (၁၀၀) ကျော်သည့် ကစားသမားများလည်းဖြစ်သည်။

မက်ဆီသည် လက်ရှိဘောလုံးလောကတွင် ဘာပေပြီးလျှင် လစာငွေအများဆုံးကစားသမားအဖြစ် တစ်နှစ်လျှင် ဒေါ်လာ (၆၂)သန်းအထိ ရရှိနေပြီး၊ စပွန်ဆာဝင်ငွေမှာလည်း  ဒေါ်လာ (၄၈)သန်းရရှိနေသဖြင့် စုစုပေါင်းဝင်ငွေမှာ ဒေါ်လာသန်း (၁၁၀) အထိ ရရှိနေခြင်းဖြစ်သည်။

ထိပ်ဆုံးကစားသမား (၁၀)ဦးစာရင်းတွင် နေမာက ယင်းကစားသမား (၃)ဦး၏ ဝင်ငွေနှင့် မလှမ်းမကမ်း၌ အဆင့် (၄)နေရာတွင် ရပ်တည်လျက်ရှိပြီး အဆင့် (၅) နေရာ ရပ်တည်နေသည့် ဆာလာမှစကာ ဝင်ငွေရရှိမှုမှာ အဆမတန် ကွာခြားသွားခဲ့သည်။

ယင်းကစားသမား (၁၀)ဦးထဲတွင် ပရီးမီးယားလိဂ်မှ ကစားသမား (၄)ဦးဖြင့် အများဆုံးပါဝင်လျက်ရှိပြီး စီရော်နယ်လ်ဒို၊ ဆာလာ၊ စတာလင်နှင့် ဒီဘရိုင်းနားတို့ ဖြစ်သည်။

ဥရောပပြင်ပမှ ကစားသမားတစ်ဦးသာ ပါဝင်ခဲ့ပြီး ဂျပန် ဂျေလိဂ်ကလပ် ကိုဘေးအသင်းတွင်ကစားနေသည့် အင်နီယေစတာဖြစ်ကာ တစ်နှစ်လျှင် ဒေါ်လာသန်း (၃၀) ရရှိနေသည်။

ဝင်ငွေအကောင်းဆုံး ကစားသမား(၁၀)ဦး

အမည်               နိုင်ငံ                            ကလပ်      တစ်နှစ်ဝင်ငွေ(ဒေါ်လာ)

ဘာပေ              ပြင်သစ်             PSG                  ၁၂၅ သန်း

စီရော်နယ်လ်ဒို    ပေါ်တူဂီ           မန်ယူ                ၁၁၃ သန်း

မက်ဆီ              အာဂျင်တီးနား    PSG                 ၁၁၀ သန်း

နေမာ                ဘရာဇီးလ်         PSG                  ၉၁ သန်း

ဆာလာ              အီဂျစ်               လီဗာပူးလ်         ၃၉.၅ သန်း

ဟာဇက်            ဘယ်လ်ဂျီယံ      ရီးယဲလ်             ၃၁.၃ သန်း

အင်နီယေစတာ   စပိန်                            ကိုဘေး             ၃၀ သန်း

စတာလင်          အင်္ဂလန်            ချယ်လ်ဆီး        ၂၉.၄ သန်း

ဒီဘရိုင်းနား       ဘယ်လ်ဂျီယံ    မန်စီးတီး            ၂၉ သန်း

ဂရီးဇ်မန်း          ပြင်သစ်             အက်သလက်တီကို    ၂၇.၅ သန်း

 

 source: Elevensport