ထိုင်ဝမ်ကို တရုတ်ကျူးကျော်လာပါက ထိုင်ဝမ်အား အမေရိကန်တပ်များက ကာကွယ်ပေးသွားမည်–ဘိုင်ဒင်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တရုတ်က ထိုင်ဝမ်ကိုကျူးကျော်လာလျှင်ထိုင်ဝမ်ကိုအမေရိကန်တပ်ဖွဲ့များက ခုခံကာကွယ်‌ပေးမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး ယခုအချိန်အထိ အဆိုပါကိစ္စနှင့်ပတ်သက်၍ အရှင်းလင်းဆုံး ပြောကြားလိုက်သည့်ယခုထုတ်ပြန်ချက်သည် ပေကျင်းကိုဒေါသထွက်စေမည့်အရာတစ်ခုလည်းဖြစ်သည်။

စက်တင်ဘာ ၁၈ ရက် တနင်္ဂနွေနေ့ကထုတ်လွှင့်သည့် CBS နှင့်အင်တာဗျူးတစ်ခု၌ အမေရိကအနေဖြင့် တရုတ်က၎င်း၏ပိုင်နက်ဟု ယူဆထားသောကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထိုင်ဝမ်ကျွန်းအား မကြုံဖူးသည့်တိုက်ခိုက်မှုမျိုး တစ်ခုခုလုပ်ပါက အမေရိကန်တပ်များကကာကွယ် ပေးမည်ဟု ကန်သမ္မတကပြောကြားခဲ့သည်။

ယူကရိန်းမှာလို လက်နက်ထောက်ပံ့ရုံမဟုတ်ပဲ ကန်တပ်ဖွဲ့ဝင်များပါ ပါဝင်ကူညီတိုက်ခိုက်မည်ဟု ဆိုလိုခြင်း ဖြစ်ပါသလားဟု သတင်းထောက်များကမေးမြန်းရာ သမ္မတက “ဟုတ်ပါတယ်” ဟုပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါအင်တာဗျူးတွင် ဘိုင်ဒင်က အမေရိကအနေဖြင့် ထိုင်ဝမ်လွတ်လပ်ရေးကို ထောက်ခံခြင်းမျိုး မဟုတ်ကြောင်းနှင့် “တရုတ်တစ်ပြည်တည်း” မူဝါဒကို ဆက်လက် ထောက်ခံမည်ဖြစ်ကြောင်းလည်း ထပ်လောင်းပြောကြားခဲ့သည်။(တရုတ်တနိုင်ငံထဲမူကို​ထောက်ခံ၊ထိုင်ဝမ်လွတ်လပ်​ရေးကိုအားမ​ပေး၊သို့​သော် တရုတ်က တိုင်​ပေကိုကျူး​ကျော်ပါကဝင်ကာကွယ်​ပေးမည် )

ယခုအင်တာဗျူးသည် ပြီးခဲ့သည့်အပတ်ကပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တနင်္လာနေ့၌ အဲလိဇဘက်ဘုရင်မကြီး၏ နိုင်ငံတော်ဈာပနအခမ်းအနားသို့တက်ရောက်ရန် သမ္မတဘိုင်ဒင်ထွက်ခွာသွားပြီဖြစ်သည်။

မေလကလည်း သမ္မတဘိုင်ဒင်အား ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ စစ်ရေးအရဝင်ပါမည်လားဟုမေးမြန်းရာ၌ သမ္မတက “ဟုတ်ပါတယ်၊ကျွန်တော်တို့ကတိပြုထားတဲ့အတိုင်းပါပဲ” ဟုပြန်လည်ဖြေကြားခဲ့သည်။

ယခုကိစ္စနှင့်ပတ်သက်၍ ဝါရှင်တန်ရှိ တရုတ်သံရုံးက မည်သည့်တုံ့ပြန်မှတ်ချက်မျိုးမှပြုလုပ်ခြင်းမရှိသေးပေ။

Source – Reuters/lk/rc