အမုန်းစကားဆန့်ကျင်မှုဥပဒေ ဂျပန်တွင် ပြဋ္ဌာန်း

n-hatespeech-a-20160525

ဂျပန်နိုင်ငံမှာ အမုန်းတရားပြောဆိုရေးသားထုတ်လွှင့်မှုကို တားမြစ်တဲ့ဥပဒေတရပ်ကို ဒိုင်ယက် လွှတ်တော်မှာ ဒီကနေ့ ပြဋ္ဌာန်းပါတယ်။

မေလ ၁၂ ရက်နေ့က အထက်လွှတ်တော်တရားရေးဆိုင်ရာ ကြားနာပွဲမှာ  အမုန်းတရား ပြောကြားမှုနဲ့ ပတ်သက်တဲ့ ဥပဒေကြမ်းကို အတည်ပြုခဲ့ပြီးနောက် ဒီကနေ့ ဒိုင်ယက်လွှတ်တော် က အတည်ပြုတာဖြစ်တယ်လို့ ကျိုဒိုသတင်းမှာ ဖော်ပြပါတယ်။

ဥပဒေဟာ ဂျပန်နိုင်ငံမှာ အမုန်းစကားပြောဆိုတာကို ဆန့်ကျင်မှုနဲ့ပတ်သက်လို့ ပထမဆုံး မိတ်ဆက်မှုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အသိပညာပေးမှုတွေတော့ အချိန်ယူလုပ်ဆောင်ကြရမယ် လို့ မျှော်လင့်ရပါတယ်။

ဂျပန်နိုင်ငံဟာ ကမ္ဘာ့ကုလသမဂ္ဂ လူမျိုးခွဲခြားမှုပပျောက်ရေး နိုင်ငံတကာကွန်ဗင်းရှင်းအဖွဲ့ဝင် နိုင်ငံ တခုဖြစ်ပေမယ့် လူမျိုးခွဲခြားမှုဆိုင်ရာကိစ္စကို ကိုင်တွယ်ဖို့ ပျက်ကွက်တာ ကာလတာရှည်ခဲ့လို့ ဝေဖန်ခံနေရတာပါ။

ဒီဥပဒေဟာ တကယ်ထိရောက်မှုရှိပါ့မလားလို့ မေးခွန်းတွေ ထုတ်နေကြသူတွေရှိပြီး အဲဒီထဲမှာ  ရှေ့နေ တွေလည်း ပါဝင်ပါတယ်။

ဒုက္ခသည်အရေးဆောင်ရွက်တဲ့ ဂျပန်ရှေ့နေများကွန်ရက်က ဒီဥပဒေဟာ ဂျပန်နိုင်ငံမှာ  သားစဉ်မြေးဆက်နေထိုင်တဲ့ တိုင်းတပါးသားတွေအတွက်သာ အကာအကွယ် ပြုနိုင်မှာ ဖြစ်တယ်လို့ ထောက်ပြပါတယ်။

ဥပဒေရ တရားဝင်မှုကို ရှင်းပြရာမှာ များပြားလှတဲ့ နိုင်ငံခြားသားတွေ၊ ခိုလှုံခွင့်လျောက်သူတွေ၊ ဗီဇာသက်တမ်း ကုန်ဆုံးသူတွေ အကျုံးမ၀င်ဘူးလို့ဆိုပါတယ်။

ဂျပန်မှာ ကိုရီးယားလူ့အဖွဲ့အစည်းဟာ ကာလရှည်ကြာခွဲခြား ဆက်ဆံခံရပါတယ်။ သူတို့ဘိုးဘွား ဘီဘင်တွေက ဂျပန်ကို ပြောင်းလာ၊ ဒါမှမဟုတ် ကိုရီးယားကျွန်းဆယ် ဂျပန်လက်အောက် ကျရောက်စဉ်မှာ သူတို့ကို အဓမ္မ ခေါ်ဆောင်လာမှုတွေကြောင့် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလနဲ့ ဒီနှစ်ဆန်း ဇန်န၀ါရီလတွေမှာ တိုကျိုမြို့ပြင်ဘက်မှာ ဂျပန်နိုင်ငံကနေ ကိုရီးယားလူမျိုးတွေ ထွက်ခွာကြဖို့ တောင်းဆိုဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပါတယ်။

ဂျပန်နိုင်ငံတ၀န်းမှာ အမုန်းစကားပြောဆိုတဲ့ လူထုစုဝေးပွဲတွေ ပုံမှန်လိုလိုဖြစ်ပွားနေတာကြောင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီက ဒီပြဿ နာကို ကိုင်တွယ်ဖို့ ဥပဒေတွေပြဌာန်းဖို့ ဂျပန်အစိုးရ ကို တောင်းဆိုခဲ့ကြပါတယ်။

ဒီနှစ်မတ်လမှာတော့ ဂျပန်အစိုးရတရားရေးဝန်ကြီးဌာနက အမုန်းစကားပြောဆိုမှုတွေနဲ့ ပတ်သက်လို့ စုံစမ်းလေ့လာ တွေ့ရှိချက်တွေကို ထုတ်ပြန်ခဲ့ပြီး အရေးယူ ဆောင်ရွက်မှုတွေလည်း လုပ်ခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာ အခြေချနေထိုင်နေတဲ့ တတိယမျိုးဆက် ကိုရီးယားဒေသခံ  Choi Kangija  က “ကျမ လူစုလူဝေးကို မြင်တဲ့အခါ ကျမရုပ်ခန္ဓာက အသက်ရှင်ပေမယ့် စိတ်ဝိဉာဉ်က သေဆုံးသလို ခံစားရတယ်” လို့က ပြောပါတယ်။

နှစ်နဲ့ချီပြီးခွဲခြားဆက်ဆံခံရတဲ့ အမျိုးသမီး Kangija ကတော့ ဒီဥပဒေကြမ်းဟာ အနည်းဆုံး အားဖြင့် လမ်းကြောင်းမှန်ကို သွားဖို့အတွက် ခြေလှမ်းတလှမ်းဖြစ်တယ်လို့ ပြောဆိုကြိုဆိုပါတယ်။

(DVB Burmese)


Leave a Reply