ထိုင်ဝမ်ကျွန်း၌ နောက်ဆက်တွဲငလျင်များ ထပ်မံလှုပ်ခတ်

ထိုင်ဝမ်ကျွန်း၌ ယမန်နေ့က လူတစ်ဦးသေဆုံးပြီး လူ ၁၅၀ ခန့်ဒဏ်ရာရခဲ့သည့် ထိတ်လန့်ဖွယ် ငလျင် လှုပ်ခတ်ပြီးနောက် စက်တင်ဘာ ၁၉ ရက် တွင် ၅ ဒသမ ၅ မဂ္ဂနီကျု့အဆင့်အပါအဝင် နောက်ဆက်တွဲငလျင်များ ထပ်မံလှုပ်ခတ်ခဲ့ပြီး မြို့တော်တိုင်ပေ၌ပါခံစားခဲ့ရသည်။

နောက်ဆုံးလှုပ်ခတ်ခဲ့သည့်ငလျင်မှာ ဒေသစံတော်ချိန် ယနေ့နံနက် ၁၀ ဝန်းကျင်တွင် ဆိပ်ကမ်းမြို့တော် ဟွာလီရန် ၏ အနောက်တောင်ဘက် ၆၆ ကီလိုမီတာအကွာရှိ မြေအောက်အနက် ၁၃ ကီလိုမီတာ၌ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ဘူမိဗေဒစောင့်ကြည့်ရေးအဖွဲ့ကပြောသည်။

ယမန်နေ့မွန်းလွဲပိုင်းက ပြင်းအား ၆ ဒသမ ၉ မဂ္ဂနီကျု့ရှိသည့် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ယူလီမြို့၌ ကားလမ်များးအက်ကွဲမှုနှင့် နေအိမ်အဆောက်အဦ ပြိုကျပျက်စီးမှုများရှိခဲ့ပြီး အနည်းဆုံးလူတစ်ဦးသေဆုံးကာ ၁၄၆ ဦးဒဏ်ရာရခဲ့သည်။

ထိုင်ဝမ်ကျွန်း၌ ပုံမှန်အားဖြင့် ငလျင်များလှုပ်ခတ်လေ့ရှိပြီး အများအားဖြင့် ထိခိုက်ပျက်စီးမှုနည်းပါးသော်လည်း သဘာဝဘေးအန္တရာယ်ကြောင့် လူသေဆုံးခဲ့သည့်သမိုင်းမှတ်တမ်းရှိထားသည်။

ပြည်ပခရီးသွားများ စိတ်ဝင်စားသည့် ဟွာလီယန်မြို့၌ ၂၀၁၈ ခုနှစ်တွင် ရစ်ချ်တာစကေး ၆ ဒသမ ၄ ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် လူ ၁၇ ဦးသေဆုံးပြီး ၃၀၀ နီးပါးဒဏ်ရာရခဲ့သည်။

အလားတူ ၁၉၉၉ ခုနှစ် ၊စက်တင်ဘာတွင်လည်း ရစ်ချ်တာစကေး ၇ ဒသမ ၆ ရှိ အင်အားပြင်း ငလျင် လှုပ်ခတ်မှုကြောင့် လူပေါင်း ၂၄၀၀ ခန့် သေဆုံးခဲ့ပြီး ထိုင်ဝမ်ကျွန်းသမိုင်းတွင် သဘာဝဘေးအန္တရာယ်ကြောင့် လူသေဆုံးမှုအများဆုံးဖြစ်ခဲ့သည်။

  _Ref:CNA