ချန်ပီယံလိဂ် ဂိုးသွင်းအများဆုံးကစားသမားစာရင်းတွင် လီဝန်ဒေါစကီး (၈၉) ဂိုးဖြင့် တတိယနေရာရောက်ရှိလာ

ဘာစီလိုနာအသင်းအတွက် ချန်ပီယံလိဂ်ပွဲဦးထွက်တွင် ဟက်ထရစ်သွင်းယူခဲ့သူ တိုက်စစ်မှူး လီဝန်ဒေါစကီးသည် ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားစာရင်းတွင် (၈၉) ဂိုးဖြင့် တတိယနေရာ ရောက်ရှိလာကြောင်း သိရသည်။

ဗုဒ္ဓဟူးနေ့ညပိုင်းက ယှဉ်ပြိုင်ကစားသည့် ချန်ပီယံလိဂ်ပွဲစဉ် (၁) ဒုတိယနေ့တွင် ဘာစီလိုနာအသင်းက ချက်ကလပ် ဗစ်တိုးရီးယားပါလ်ဇန်အသင်းအား အိမ်ကွင်း၌ (၅-၁) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရပြီး အနိုင်ဂိုးများကို ကက်ဆီးက (၁၃) မိနစ်၊ လီဝန်ဒေါစကီးက (၃၄၊ ၄၅+၃၊ ၆၇) မိနစ်တွင် ဟက်ထရစ်နှင့် ဖယ်ရန်တောရက်စ်က (၇၁) မိနစ်တွင် သွင်းယူပေးခဲ့သည်။

လီဝန်ဒေါစကီး (၃၄ နှစ်) အနေဖြင့် ဘာစီလိုနာအသင်းအတွက် ချန်ပီယံလိဂ်ပထမဆုံးပွဲမှာပင် ဟက်ထရစ် သွင်းယူနိုင်ခြင်းဖြစ်ပြီး ပြိုင်ပွဲစုံ (၅)ပွဲကစား၊ (၈)ဂိုးသွင်းယူထားသည်။

၎င်းအနေဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ပွဲစုစုပေါင်း (၁၀၇) ပွဲကစားအပြီးတွင် (၈၉) ဂိုးသွင်းယူထားပြီး ရီးယဲလ်အသင်း တိုက်စစ်မှူး ဘန်ဇီမာ (၈၆ ဂိုး) ကိုကျော်ဖြတ်၍ ဂိုးသွင်းအများဆုံးစာရင်း၌ တတိယနေရာ ရောက်ရှိလာခြင်း ဖြစ်သည်။

ထို့ပြင် လီဝန်ဒေါစကီးသည် ချန်ပီယံလိဂ်တွင် မတူညီသည့်အသင်းသုံးသင်း (ဒေါ့မွန်၊ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာ)အတွက် ဟက်ထရစ်သွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

”ကျွန်တော် အရမ်းဝမ်းသာပါတယ်။ သူက အံ့အားသင့်စရာကောင်းတဲ့ ခေါ်ယူမှုပါ။ သူက ခေါင်းဆောင်တစ်ယောက်၊ အောင်နိုင်သူတစ်ယောက်ပါ”ဟု ဘာစီလိုနာအသင်းနည်းပြ ဇာဗီက ချီးကျူးပြောကြားခဲ့သည်။

-Ref:Eleven