ပရီးမီးယားလိဂ် ၅ ပွဲအပြီး ဂိုးအများဆုံးသွင်းနိုင်သူအဖြစ် ဟာလန်း စံချိန်သစ်တင်

မန်စီးတီးတိုက်စစ်မှူးဟာလန်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၅ ပွဲအပြီးမှာ ဂိုးအများဆုံးသွင်းနိုင်သူအဖြစ် စံချိန်တင်သစ် နိုင်ခဲ့ပါတယ်။ ဟာလန်းဟာ ဒီကနေ့ မနက် အစောပိုင်းက ကန်သွားတဲ့ နော်တင်ဟမ်ဖောရက်နဲ့ပွဲစဉ်မှာ ဟတ်ထရစ်သုံးဂိုး သွင်းယူခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ခရစ္စတယ်ပဲလေ့နဲ့ပွဲမှာလည်း ဟတ်ထရစ်သုံးဂိုး သွင်းခဲ့တဲ့ဟာလန်းဟာ ပရီးမီးယားလိဂ်အဖွင့် ၅ ပွဲမှာတင် ၉ ဂိုးအထိသွင်းယူနိုင်ခဲ့တာပါ။ ဒီပမာဏဟာ မိုက်ကွင်းနဲ့ အဂွဲရိုးတို့စံချိန်တင်ထားတဲ့ ၈ ဂိုးစံချိန်ကို ချိုးဖျက်ပြီး ဟာလန်းက စံချိန်တင်သစ်နိုင်ခဲ့သလို ပရီးမီးယားလိဂ် ၂ ပွဲ ဆက်တိုက် ဟတ်ထရစ်သုံးဂိုးသွင်းယူနိုင်တဲ့ ၇ ဦးမြောက်ကစားသမားအဖြစ်လည်း မှတ်တမ်းတင်ခဲ့ပါတယ်။

ဒါ့အပြင် ဟာလန်းရဲ့ သွင်းဂိုး ၉ ဂိုးဟာ ပရီးမီးယားလိဂ်အသင်း ၁၅ သင်းရဲ့ စုစုပေါင်းသွင်းဂိုးထက် ပိုများနေပါတယ်။

မန်စီးတီးအသင်းအတွက်တော့ နည်းပြဂွာဒီယိုလာ လက်ထက်မှာ ၅ ဂိုးနဲ့ အထက်သွင်းပြီး အနိုင်ရတာ ၃၂ ကြိမ်မြောက်ပွဲဖြစ်ခဲ့ပါတယ်။ နည်းပြဂွာဒီယိုလာကတော့ ဟာလန်းဟာ ဂိုးပေါက်ထဲမှာ အနံ့ခံကောင်းတဲ့ တိုက်စစ်မှူးဖြစ်ကြောင်း ချီးကျူးသွားပါတယ်။