စီရော်နယ်ဒို မန်ယူနိုက်တက်တွင် ဆက်ရှိနေမည်

ဆော်ဒီကလပ်တခုရဲ့ ကမ်းလှမ်းမှုတခုပဲ ရရှိတဲ့ စီရော်နယ်ဒိုဟာ အသင်းပြောင်းဖို့ မရှိတော့ဘဲ မန်ယူနိုက်တက် အသင်းမှာပဲ ဆက်ရှိတော့မှာဖြစ်တယ်လို့ သိရပါတယ်။ စီရော်နယ်ဒိုဟာ ကနဦးက ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားခွင့်ရဖို့နဲ့ အောင်မြင်မှုတွေ ပိုမိုရယူဖို့ အသင်းပြောင်းရွှေ့မယ်လို့ သတင်းထွက်ခဲ့တာပါ။ ချဲလ်ဆီး၊ ဘိုင်ယန်မြူးနစ်၊ အက်သလက်တီကို အစရှိတဲ့အသင်းတွေနဲ့ သတင်းထွက်ခဲ့ပေမဲ့ အမှန်တကယ် ကမ်းလှမ်းချက်တော့ မရရှိခဲ့ပါဘူး။ ဒါပေမဲ့ ဆော်ဒီကလပ် အယ်ဟီလာလ်ရဲ့ ကမ်းလှမ်းချက်တခုကိုတော့ လက်ခံရရှိခဲ့ပေမဲ့ အာရှတိုက်ဆီ ပြောင်းရွှေ့ကစားဖို့ စိတ်ကူးမရှိတာကြောင့် မန်ယူအသင်းမှာပဲ ဆက်ရှိမယ်လို့ The Athletic သတင်းမှာ ဖော်ပြပါတယ်။ အယ်ဟီလာလ်မှာ မန်ယူတိုက်စစ်မှူးဟောင်း အီဂါလိုလည်း ကစားနေတာပါ။ နည်းပြ တန်ဟတ်ဂ်ဘက်ကလည်း ရော်နယ်ဒိုလို အရည်အသွေးမြင့်ကစားတွေရှိဖို့ လိုအပ်ကြောင်း ပြောထားပါ တယ်။ အပြောင်းအရွှေ့ဈေးကွက်က ဒီကနေ့မှာပဲ ပိတ်သိမ်းတော့မှာဖြစ်လို့ ရော်နယ်ဒိုဟာ မန်ယူအသင်းမှာပဲ ဆက်ရှိလိမ့်မယ်လို့ သတင်းဌာနတွေက သုံးသပ် ဖော်ပြကြပါတယ်။