ထိုင်းသို့ ဝင်လာသည့် နိုင်ငံခြားသားများထံမှ ၁ ဦးလျှင် ဘတ် ၃၀၀ နှုန်းကောက်ခံမည်

ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာမယ့် နိုင်ငံခြားသားတွေဆီကနေ တယောက်ကို ဘတ် ၃၀၀ နှုန်းကောက်ခံသွားဖို့ စီစဉ်နေတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။နိုင်ငံတကာလေကြောင်းလိုင်းကနေ ဝင်ရောက်လာမယ့် နိုင်ငံခြားသားတွေဆီကနေ တယောက်ကို ဘတ် ၃၀၀ နှုန်းကောက်ခံဖို့ အတည်ပြုလိုက်ပြီဖြစ်ကာ လာမယ့် ၂၀၂၃ ခုနှစ် နှစ်ဦးပိုင်းမှာ စတင်အကောင်အထည် ဖော်နိုင်မယ်လို့ ထိုင်းနိုင်ငံခရီးသွားလုပ်ငန်းနဲ့ အားကစားဝန်ကြီး နိုင်းဖိဖတ် ရတ်ချ်ကစ်ပရကန်က  ဩဂုတ် ၂၉ မှာ  သတင်းထောက်တွေကို ပြောလိုက်ပါတယ်။

နယ်စပ်ကနေ ဝင်ရောက်မယ့်သူတွေကိုတော့ ဘယ်လောက်နှုန်းထားနဲ့ ကောက်မယ်ဆိုတာကိုတော့ ဆန်းစစ်နေဆဲဖြစ်ကာ လာမယ့် စက်တင်ဘာလထဲမှာ အပြီးဆုံးဖြတ်ဖို့ရှိပြီး သူတို့ဟာ နိုင်ငံထဲမှာ ၂ ရက်၊ ၃ ရက်လောက်ပဲ လာတာမို့ ဘတ် ၃၀၀ ထက်တော့ နည်းလိမ့်မယ်လို့ ယူဆရပြီး နေ့ချင်းပြန်ဆိုရင်တော့ ကင်းလွတ်ခွင့်ပြုမယ်လို့ ဆိုပါတယ်။အဆိုပါငွေတွေဟာ နိုင်ငံခြားသားဝန်ဆောင်မှုလုပ်ငန်းတွေမှာ ပြန်လည်အသုံးပြုဖို့ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း အစိုးရဆေးရုံတွေမှာ နိုင်ငံခြားသားတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုငွေပေါင်း ဘတ်သန်းပေါင်း ၃၀၀ မှ ၄၀၀ ထိ ကုန်ကျခဲ့တယ်လို့ ဝန်ကြီးက ပြောပါတယ်။

အဲအေးရှလေကြောင်းလိုင်းကုမ္ပဏီ အမှုဆောင်ဒါရိုက်တာ နိုင်းထန်းဆဖုန်း တယ်လေဝဲလ်ကလည်း ဂျပန်နိုင်ငံက လာမယ့်စက်တင်ဘာ ၇ ရက်နေ့ကစပြီး ကိုဗစ်-၁၉ မစစ်ဆေးတော့ဘူးလို့ ထုတ်ပြန်ထားတာ ကောင်းမွန်တဲ့ အချက်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအနေနဲ့လည်း ခရီးသွားလုပ်ငန်း ပြန်ကောင်းလာဖို့ ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့ စည်းကမ်းချက်တွေ ဖြေလျော့ပေးသင့်ကြောင်း၊ သူတို့လေကြောင်းလိုင်းအနေနဲ့ နိုင်ငံခြား လေကြောင်းလိုင်းတွေ ထပ်တိုးချဲ့ဖို့ရှိကြောင်း၊ ခုသီတင်းပတ်ထဲမှာ ဩစတြေးလျနိုင်ငံနဲ့ လေကြောင်းခရီးစဉ် ၂ ခုတိုးချဲ့ထားပြီး အောက်တိုဘာလမှာ အိန္ဒိယနိုင်ငံ နယူးဒေလီနဲ့ လေကြောင်းခရီးစဉ်တိုးချဲ့မယ်လို့ ပြောသွားပါတယ်။

ကိုးကား – mgronline.com