နည်းဗျူဟာထက် မခံချင်စိတ်ကြောင့် အနိုင်ရခဲ့ခြင်းဖြစ်ဟု မန်ယူနည်းပြ တန်ဟတ်ဂ် သုံးသပ်

လီဗာပူးအသင်းနဲ့ပွဲစဉ်မှာ ကစားကွက်နည်းဗျူဟာတွေထက်စာရင် မခံချင်တဲ့စိတ်ဓာတ်ကြောင့် အနိုင်ရခဲ့တာ ဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။ မန်ယူအသင်းဟာအဖွင့်ပွဲ နှစ်ပွဲစလုံးရှုံးနိမ့်ခဲ့ပေမဲ့ ဒီနေ့မနက် အိုးထရက်ဖို့ဒ်အိမ်ကွင်းမှာ ကန်သွားခဲ့တဲ့  လီဗာပူးနဲ့ ပွဲစဉ်မှာ ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ပွဲ ပြန်ရခဲ့တာပါ။

ဒီနိုင်ပွဲနဲ့ ပတ်သက်လို့ ကစားကွက်နည်းဗျူဟာတွေ အကြောင်းပြောနိုင်ပေမယ့် အဓိကအချက်က စိတ်ဓာတ်ပိုင်းဆိုင်ရာကြောင့်သာဖြစ်ကြောင်း၊ အသင်းသားအချင်းချင်းကြားက စည်းလုံးညီညွတ်မှုနဲ့ အနိုင်မခံ အရူံးမပေးစိတ်ဓာတ်ကို မြင်တွေ့နိုင်ကြောင်း အသင်းသားတွေကို နည်းပြတန်ဟတ်ဂ်ကချီးကျူးပါတယ်။

နှစ်ပွဲဆက်တိုက်ရှုံးပြီးနောက်ပိုင်းမှာ ကစားသမားတွေကို စကားသိပ်မပြောကြဘဲ အလုပ်နဲ့ သက်သေပြကြဖို့ တိုက်တွန်းခဲ့ကြောင်းလည်း တန်ဟတ်ဂ်က ပြောပါတယ်။ ဒီပွဲဟာ နည်းပြတန်ဟတ်ဂ်အတွက်တော့ ပထမဆုံး ပရီးမီးယားလိဂ် နိုင်ပွဲလည်းဖြစ်ပါတယ်။

တိုက်စစ်မှူးရက်ရှ်ဖို့ဒ်ကတော့ နိုင်ပွဲပြန်ရခဲ့တာက ကြီးမားတဲ့အောင်ပွဲဖြစ်ပြီး အင်ပြည့်အားပြည့်ကစားခဲ့လို့ ရလဒ်ကောင်းရခဲ့တာဖြစ်ကြောင်းပွဲအပြီးမှာ ပြောသွားပါတယ်။