မိမိတို့အနေဖြင့် ရှုံးထွက်အဆင့်ပွဲစဉ်များအတွက် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကထက် ယုံကြည်မှုပိုရှိလာကြောင်း အင်္ဂလန်နည်းပြ ဆောက်ဂိတ် ပြောကြား

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်က မိမိတို့အသင်းအနေဖြင့် ရှုံးထွက် အဆင့်ပွဲစဉ်များ(ရှုံးထွက် ၁၆ သင်းအဆင့်၊ ကွာတားဖိုင်နယ်၊ ဗိုလ်လုပွဲ)အတွက် ဆီမီးဖိုင်နယ်အထိ တက်ရောက်ခဲ့သော ပြီးခဲ့သည့် ၂၀၁၈ ရုရှား ကမ္ဘာ့ဖလားကထက် ယုံကြည်မှုပိုရှိလာကြောင်း ဝေးလ်စ်နှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။ အင်္ဂလန်အသင်းသည် ပြီးခဲ့သည့်အင်္ဂါနေ့က ကစားခဲ့သည့် အုပ်စု (B) နောက်ဆုံးပွဲစဉ် ဗြိတိန်ဒါဘီပြိုင်ဘက် ဝေးလ်စ်အသင်းကို ရပ်ရှ်ဖို့ဒ် (၂ ဂိုး)၊ ဖိုဒန်တို့၏ သွင်းဂိုးများကြောင့် (၃-ဝ) ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ရမှတ် (၇)မှတ် ရရှိကာ အုပ်စုပထမနေရာဖြင့် ရှုံးထွက် (၁၆) သင်းအဆင့် သို့ တက်ရောက်နိုင်ခဲ့သည်။

အင်္ဂလန်အသင်းသည် ရှုံးထွက် (၁၆) သင်းအဆင့်တွင် အုပ်စု (A) တွင် ဒုတိယရရှိခဲ့သည့် ဆီနီဂေါအသင်းနှင့် တွေ့ဆုံမည်ဖြစ်ပြီး လာမည့် တနင်္ဂနွေနေ့(ဒီဇင်ဘာ ၄ ရက်)တွင် ကစားမည်ဖြစ်သည်။ အင်္ဂလန်နည်းပြ ဆောက်ဂိတ် က အသင်းကစားသမားများမှာ ၂၀၁၈ ကမ္ဘာ့ဖလား ရှုံးထွက် (၁၆)သင်းအဆင့်တွင် ကိုလံဘီယာအသင်းကို ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရခဲ့စဉ်ကထက် ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုမြင့်လာပြီဖြစ်ကြောင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ဆောက်ဂိတ်က “အသင်းကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကွဲပြားခြားနားသွားပြီလို့ ကျွန်တော်ထင်တယ်။ ယုံကြည်မှုပိုရှိလာတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းက ကျွန်တော်တို့အနေနဲ့ ရှုံးထွက်အဆင့်တွေမှာ နိုင်ပါ့ မလားလို့ တွေးခဲ့ကြတယ်။ အခုတော့ ယုံကြည်မှုပိုမြင့်လာပြီဖြစ်ပြီး ရှုံးထွက်အဆင့်ပွဲတွေအတွက် ကျွန်တော်တို့ ကစားသမားတွေမှာ ယုံကြည်မှုလည်း ပိုရှိလာပါပြီ” ဟု ပြောကြားခဲ့သည်။ ထို့ပြင် ဆောက်ဂိတ်က အုပ်စုအဆင့်မှ ကျော်ဖြတ်နိုင်ခဲ့ခြင်းမှာ ၎င်းတို့၏ပထမရည်မှန်း ချက်ပြည့်မြောက်ခဲ့ခြင်း ဖြစ်ကြောင်း လည်း ပြောကြားခဲ့သည်။ “ကျွန်တော်တို့ရဲ့ ပထမရည်မှန်းချက် အောင်မြင်ခဲ့တဲ့အတွက် ဝမ်းမြောက် ပါတယ်။ အသင်းရဲ့ စိတ်ဓာတ်ပိုင်းက ကောင်းပြီး ကွင်းအတွင်း စွမ်းဆောင်မှုကလည်း အဆင်ပြေပါတယ်။ အုပ်စု (၃)ပွဲမှာ အဝါကတ်တစ်ကတ်မှ အပြမခံရတာ အရမ်းကောင်းပါတယ်” ဟု ပြောကြားခဲ့သည်။