(၄)နှစ်ကြာချန်ပီယံဆု မရရှိမှုကို ဘီလင်ဒါဘန်ဆစ် အဆုံးသတ်

ဆွစ်ဇာလန်တင်းနစ်မယ် ဘီလင်ဒါဘန်ဆစ်ဟာ ဒူဘိုင်းဂျူတီဖရီးပြိုင်ပွဲမှာ ချန်ပီယံဆုရယူနိုင်ခဲ့ပြီးနောက် (၄)နှစ်ကြာ ချန်ပီယံဆုမရရှိမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

ယူအေအီးနိုင်ငံဒူဘိုင်းမှာ စနေနေ့က ကျင်းပခဲ့တဲ့ ဒူဘိုင်းဂျူတီဖရီးအမျိုးသမီးတစ်ဦးချင်း တင်းနစ်ချန်ပီယံရှစ် ပြိုင်ပွဲဗိုလ်လုပွဲမှာ အသက်(၂၁)နှစ်အရွယ် ဘန်ဆစ်နဲ့ဆီဒင်အဆင့်(၂) ချက်တင်းနစ်မယ်ဗီတိုဗာတို့ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ (၁)နာရီနဲ့(၄၂)မိနစ်ကြာ ယှဉ်ပြိုင်ခဲ့ပြီးနောက် ဘန်ဆစ်က(၆း၃၊၁း၆၊၆း၂)နဲ့ အနိုင်ရပြီး ကစားသမား ဘ၀(၃)ခုမြောက် WTAချန်ပီယံဆုကို ရယူသွားခဲ့ပါတယ်။

ကမ္ဘာ့အဆင့်(၂) ချက်တင်းနစ်မယ်ဗီတိုဗာအတွက်ကတော့ သြစတြေးလျအိုးပင်းဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ရသလို အခုဗိုလ်လုပွဲမှာလည်း ရှုံးနိမ့်ခဲ့ရတာကြောင့် စိတ်ပျက်စရာဖြစ်သွားခဲ့ရပါတယ်။

ကမ္ဘာ့အဆင့်(၄၅)မှာ ရပ်တည်နေတဲ့ ဘန်ဆစ်ဟာ ဒီတစ်ပတ်အတွင်းမှာပဲ ကမ္ဘာ့အဆင့်ထိပ်တန်းစာရင်းဝင် တင်းနစ်မယ်တွေဖြစ်တဲ့ ဗီတိုဗာ၊ ဆာဘာလန်ကာ၊ ဆီမိုနာဟာလပ်နဲ့ ဗီတိုလီနာတို့ကို အနိုင်ရခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

—Ref: Skysports