မြန်မာကြက်တောင်မယ် သက်ထားသူဇာ နိုင်ငံတကာစီးရီးတွင် အကြိုဗိုလ်လုပွဲ တက်ရောက်

ယူဂန်ဒါနိုင်ငံတကာ ကြက်တောင်စီးရီးပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ကြက်တောင်အားကစားမယ် သက်ထားသူဇာ က  ပြိုင်ဘက်ကစားသမားကို ကျော်ဖြတ်ကာ အကြိုဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။

ဖေဖော်ဝါရီ ၂၃ ရက်က ယူဂန်ဒါနိုင်ငံ ကမ်ပါလာမြို့တွင် ယှဉ်ပြိုင်သည့် နိုင်ငံတကာကြက် တောင်စီးရီးပြိုင်ပွဲ ကွာတားဖိုင်နယ်၌ မြန်မာကြက်တောင်မယ် သက်ထားသူဇာက ဇမ်ဘီယာကစားသမား အိုဂါဆီရမ်မူ ပန်ဂီလာကို ၂၁-၉၊ ၂၁-၁၃ ဖြင့် နှစ်ပွဲ ပြတ်ဖြင့် အနိုင်ရကာ အကြိုဗိုလ် လုပွဲသို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

အကြိုဗိုလ်လုပွဲတွင် သက်ထားသူဇာသည် ကမ္ဘာ့အဆင့် (၂၁၆)ရှိ အီရန်ကစားသမား ဆာမင်နှင့် ယှဉ်ပြိုင်မည် ဖြစ်သည်။

ကမ္ဘာ့အဆင့်(၁၈၁) ရှိသည့် သက်ထားသူဇာသည် နိုင်ငံတကာ စီးရီးကြက်တောင်ပြိုင်ပွဲတွင် လက်ရည်စစ်ပွဲ မ၀င်ရဘဲ ၃၂ ဦးအဆင့်က စတင်ယှဉ်ပြိုင်ရပြီး ယင်းအဆင့်တွင် အိမ်ရှင်ယူဂန်ဒါ ကြက်တောင်ကစားသမား ဘရစ်ဂျက် ရှာမင်ဘန်ဂျီကို ၂၁-၈၊ ၂၁-၉ မှတ်နှစ်ပွဲပြတ်အနိုင်ရခဲ့သည်။

၁၆ ဦးအဆင့်တွင် အိမ်ရှင်  ယူဂန်ဒါကစားသမား ဘရန်ဒါမူ ဘာဂီနှင့် ယှဉ်ပြိုင်ကစားရာ သက်ထားသူဇာက ၂၁-၁၊ ၂၁-၇ဖြင့် နှစ်ပွဲပြတ် အနိုင်ရခဲ့သည်။

၂၀၁၉ နိုင်ငံတကာ ကြက်တောင်စီးရီးပြိုင်ပွဲကို ယူဂန်ဒါနိုင်ငံ ကမ်ပါလာမြို့တွင် ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၅ ရက် အထိ ကျင်းပနေပြီး ပြိုင်ပွဲတွင် အာရှနှင့် အာဖရိကနိုင်ငံအသီးသီးမှ ကြက်တောင်ကစားသမား ၃၀ ကျော် ပါဝင် ယှဉ်ပြိုင်နေသည်။

သက်ထားသူဇာသည် ၂၀၁၈ ဒီဇင်ဘာက နေပြည်တော် ၌ ကျင်းပသည့် အာဆီယံတက္ကသိုလ်များ အားကစား ပြိုင်ပွဲတွင် ခါးဒဏ်ရာရရှိကာ တစ်လကျော် အနားယူခဲ့ရပြီး ၂၀၁၉ ဇန်န၀ါရီ တတိယပတ်ကစ၍ ပြန်လည် လေ့ကျင့်ခဲ့သည်။

ယူဂန်ဒါနိုင်ငံတကာ ကြက်တောင်စီးရီးပြိုင်ပွဲသည် သက်ထားသူဇာ၏ ယခုနှစ် ပထမဆုံး နိုင်ငံတကာပြိုင်ပွဲ ဖြစ်သည်။

အသက်(၁၉)နှစ်အရွယ် သက်ထားသူဇာသည် ၂၀၁၈ အ တွင်း နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိထားပြီး အီဂျစ်နိုင်ငံ၌ ကျင်းပသည့် နိုင်ငံတကာစီးရီး ကြက်တောင်ပြိုင်ပွဲတွင် ရွှေတံဆိပ်၊ နီပေါနိုင်ငံ၌ ကျင်းပသည့် နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိထားသည်။  7Days