နယူးကာဆယ်အသင်းကို ရောင်းချတော့မည်ဟု အသင်းပိုင်ရှင်ကြေညာ

နယူးကာဆယ်အသင်းပိုင်ရှင် မိုက်အက်ရှ်လေသည် အသင်းကို ပြန်လည်ရောင်းထုတ်တော့မည်ဟု တရားဝင် ကြေညာလိုက်ကြောင်း သိရှိရသည်။

မိုက်အက်ရှ်လေသည် နယူးကာဆယ် အသင်းကို ၂၀၀၇ ခုနှစ်တွင် ပေါင်(၁၃၄)သန်းဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး (၁၀)နှစ်ကြာ မြင့်ချိန်၌ ပြန်လည်ရောင်းထုတ်ရန် စီစဉ်လာခဲ့ခြင်းဖြစ်သည်။

မိုက်အက်ရှ်လေသည် ပေါင် (၁.၅)ဘီလီယံ ကြွယ်ဝသူဖြစ်ပြီး ဗြိတိန်တွင် အချမ်းသာဆုံး(၁၅)ဦးစာရင်း၌ ပါဝင်သူဖြစ်ကြောင်းလည်း သိရှိရသည်။

သို့သော် နယူးကာဆယ်အသင်း၏ ပရိသတ်များက ၎င်း၏ ပိုင်ဆိုင်မှုနှင့် စီမံမှုများကို ကျေနပ်သဘောကျခြင်း မရှိသည့်အတွက် ဆန့်ကျင်ကန့်ကွက်မှုများနှင့် အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရသည်။

ထို့ ကြောင့် မိုက်အက်ရှ်လေသည် ၂၀၀၈ ခုနှစ်တွင်ပင် အသင်းကို ပြန်လည်ရောင်းချရန် စီစဉ်ခဲ့ဖူးသလို၊ ၂၀၀၉ ခုနှစ်တွင်လည်း ပြန်လည်ရောင်းချရန် စီစဉ်ခဲ့ဖူးသည်။

မိုက်အက်ရှ်လေသည် ယင်းနှစ်ကြိမ်စလုံးတွင် ၎င်း၏အစီအစဉ်ကို ပြန်လည်ရုပ်သိမ်းခဲ့သော်လည်း ဆယ်စုနှစ် အတွင်း လိဂ်ချန်ပီယံရှစ်သို့ နှစ်ကြိမ်တန်းဆင်းခဲ့ရခြင်းနှင့် ပရိသတ်များ၏ ထောက်ခံမှု မရရှိခြင်းတို့ကြောင့် လာမည့် ခရစ္စမတ်မတိုင်မီ ရောင်းထုတ်ရန် ထပ်မံစီစဉ် လာခြင်းဖြစ်ကြောင်း သိရှိရသည်။

Eleven Sports