နေပြည်တော် Wisdom Hill ကျောင်းကို ပိတ်သိမ်းခိုင်းထား

နေပြည်တော်ကောင်စီနယ်မြေက နာမည်ကြီး Wisdom Hill ကိုယ်ပိုင်ကျောင်းကို ပိတ်သိမ်းဖို့ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးက အကြောင်းကြားထားတယ်လို့ Wisdom Hill ကိုယ်ပိုင်ကျောင်းက တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။

Wisdom Hill ကျောင်းကို ဇူလိုင် (၆) ရက် နောက်ဆုံးထား ပိတ်သိမ်းသွားဖို့ အကြောင်းကြားထားတာဖြစ်ပြီး ဘာကြောင့် ပိတ်သိမ်းခိုင်းလဲဆိုတာ အကြောင်းရင်း မပါရှိဘူးလို့ ဆိုပါတယ်။ ကျောင်းအနေနဲ့ ပြန်လည်ဖွင့်လှစ်ခွင့် ရရှိရေး ကြိုးပမ်းဆောင်ရွက်နေပြီး နှစ်ပတ်အတွင်း ဖွင့်လှစ်ခွင့် မရရှိခဲ့ရင် ကျောင်းသား၊ ကျောင်းသူတွေကို အဆင်ပြေအောင် ဆောင်ရွက်ပေးသွားမယ်လို့ Wisdom Hill ကိုယ်ပိုင်ကျောင်းက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

Wisdom Hill ကိုယ်ပိုင်ကျောင်းကို စစ်ဆေးမှုခံယူစဉ်ကာလအတွင်း ကျောင်းသား၊ကျောင်းသူတွေ ပညာရေး အဆက်မပြတ်စေဖို့ ယာယီကျောင်းဖွင့်လှစ်ခွင့်ပြုဖို့ လျှောက်ထားတာကို သက်ဆိုင်ရာဌာနတွေထံ တင်ပြ သွားမယ်လို့လည်း သိရပါတယ်။ လတ်တလောမှာတော့ နေပြည်တော်ကောင်စီနယ်မြေက Wisdom Hill ကျောင်း အပါအဝင် ကိုယ်ပိုင်ကျောင်းတချို့ကို ပိတ်သိမ်းခိုင်းထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလကလည်း နေပြည်တော်ကောင်စီနယ်မြေမှာ ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိကကျောင်း ၁၆ ကျောင်းကို လိုအပ်ချက်အရ ဆိုပြီး ပညာရေးဝန်ကြီးဌာနက ပိတ်သိမ်းခိုင်းခဲ့ပါတယ်။ onenews