UEC အနေဖြင့် တည်ဆဲနိုင်ငံရေးပါတီ ၉၂ ပါတီအနက် ၈၅ ပါတီ စစ်ဆေးပြီးစီးခဲ့သည့်အတွက် စစ်ဆေးရန် ခုနစ်ပါတီသာကျန်ရှိ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)အနေဖြင့် မြန်မာနိုင်ငံတွင် တည်ဆဲနိုင်ငံရေးပါတီ ၉၂ ပါတီအနက် ၈၅ ပါတီစစ်ဆေးပြီး စီးခဲ့သည့်အတွက် စစ်ဆေးရန် ခုနစ်ပါတီသာ ကျန်ရှိတော့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဇူလို်င် ၅ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၀(ဌ) တွင် ပြဋ္ဌာန်းထားသော ‘နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေးပါတီများကို မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းနှင့်ကြီးကြပ်စေခြင်း’ တာဝန်နှင့်အညီ နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနှင့် ပစ္စည်းများစုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ထားခြင်း ရှိ၊ မရှိတို့ကို စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးနှင့် ဦးမင်းမင်းဦးတို့ ဦးဆောင်ပြီး ပြည်နယ်စာရင်းစစ်ချုပ်ရုံး၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့မှ ဌာနဆိုင်ရာ ကိုယ်စားလှယ်များပါဝင်သည့် စစ်ဆေးရေးအဖွဲ့သည် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကို ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ဇွန် ၃၀ ရက်မှ ဇူလိုင် ၃ ရက်အထိ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများကို စစ်ဆေးလျက်ရှိရာ ၂၀၂၁ ခုနှစ် သြဂုတ်မှ  ဇူလိုင်လဆန်းပိုင်းအထိ နိုင်ငံရေးပါတီ ၈၅ ပါတီ စစ်ဆေးခဲ့ပြီး စစ်ဆေးရန်ကျန်ရှိသည့် နိုင်ငံရေးပါတီခုနစ်ပါတီကို ဆက်လက်စစ်ဆေးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် တည်ဆဲနိုင်ငံရေးပါတီ ၉၂ ပါတီရှိပြီး ဆက်လက်စစ်ဆေးရန် ကျန်ရှိသည့် ခုနစ်ပါတီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ကယန်းအမျိုးသားပါတီ၊ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသားပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ချင်းတိုင်းရင်းသားများပါတီ တို့ဖြစ်ကြောင်း သတင်းရရှိသည်။ Eleven