ဝရိန်ကျွမ်းကျင် မြန်မာလုပ်သား ၅၀၀ ဦး ကိုရီးယားနိုင်ငံသို့ စေလွှတ်မည်ဟုဆို

မြန်မာနိုင်ငံမှဝရိန်ကျွမ်းကျင်လုပ်သား ၅၀၀ ဦးကို ကိုရီးယားနိုင်ငံသို့တရားဝင်စေလွှတ်ခွင့်ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိပြည်ပအလုပ်အကိုင်ရှာဖွေရေး ပုဂ္ဂလိကအေဂျင်စီတစ်ခုထံမှသိရသည်။

အဆိုပါမြန်မာလုပ်သား ၅၀၀ ဦးကို ပြည်တွင်းရှိပုဂ္ဂလိကအေဂျင်စီလေးခုက လုပ်သားစုဆောင်း၍ ကိုရီးယားနိုင်ငံ သင်္ဘောကျင်းလုပ်ငန်းတွင်လုပ်ကိုင်ရန် တရားဝင်စေလွှတ်သွားမည်ဖြစ်ကြောင်း ယင်းပုဂ္ဂလိကအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ဟုတ်ပါတယ်။ ဝရိန်ကျွမ်းကျင်နဲ့ခေါ်တာပါ။ လောလောဆယ်တော့ လုပ်သားစုဆောင်းနေတုန်းပါပဲ” ဟု အဆိုပါပုဂ္ဂလိကအေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

တောင်ကိုရီးယားနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA) မှ EPS စနစ်ဖြင့် အလုပ်သမားများစေလွှတ်လျက်ရှိကြောင်း၊ ဝရိန်ကျွမ်းကျင်နှင့် သွားရောက်မည့်အလုပ်သမားများမှာ သင်္ဘောကျင်း လုပ်ငန်း E-7 ဗီဇာဖြင့် သွားရောက်လုပ်ကိုင်ရမည်ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး ပုဂ္ဂလိက အေဂျင်စီလေးခုက အထူးအခွင့်အရေးဖြင့် စေလွှတ်ခွင့်ရခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် သတင်းမီဒီယာ များတွင် ရေးသားဖော်ပြထားသည်။

ထို့ပြင် မြန်မာအပါအဝင် သင်္ဘောကျင်းလုပ်သား ၁၅၀၀၀ ခန့်ခေါ်ယူရန် တောင်ကိုရီးယားနိုင်ငံက ဆက်လက် စီစဉ်လျက်ရှိကြောင်း အဆိုပါသတင်းများအရသိရသည်။

  source:sdtimedaily