ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ဇွန်လ ၁၄ ရက်တွင် နေပြည်တော်၌ တွေ့ဆုံမည်

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် လက်ရှိ မှတ်ပုံတင်ခွင့်ပြုထားသည့် နိုင်ငံရေးပါတီအားလုံး ဇွန်လ ၁၄ ရက်တွင်နေပြည်တော်၌ တွေ့ဆုံရန် ဖိတ်ကြားထားကြောင်း ကော်မရှ င်ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောကြားသည်။ သမ္မတဦးဝင်းမြင့်က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ၍ ပါတီများ၏ အသံကို နားထောင်ရန် ဇွန်လ ၁ ရက်က တိုက်တွန်းပြီး နောက်နှစ်ပတ် ခန့်အကြာတွင် ကော်မရှင်က ထိုသို့တွေ့ဆုံရန် စီစဉ်ခြင်းဖြစ်သည်။ နိုင်ငံရေးပါတီ များနှင့်တွေ့ဆုံရာ၌ ဆွေးနွေးမည့် အကြောင်းအရာကို  ဦးမြင့်နိုင်က ထုတ်ဖော်ပြောကြားခြင်း မပြုပေ။

‘‘အစည်းအဝေးပြီးရင်တော့ သိမှာပါ’’ဟု ၎င်းကပြောသည်။ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရန် စီစဉ်ခြင်းသည် သမ္မတဦးဝင်းမြင့်၏ တိုက်တွန်းချက်ကြောင့် ဟုတ်၊ မဟုတ် မေးမြန်းရာ ‘‘အရင်လည်း တွေ့ခဲ့ဖူးပါတယ်။ သမ္မတ ကြီးက တိုက်တွန်းတဲ့အတွက် ပိုမြန်သွား တာပေါ့’’ဟု ၎င်းကပြောသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် နှင့်တွေ့ဆုံရာတွင် လွတ်လပ်၍မျှတသည့် ရွေးကောက် ပွဲများ ကျင်းပနိုင်ရေး မေးမြန်း ဆွေးနွေးမည် ဖြစ်ကြောင်း နိုင်ငံရေးပါတီအချို့မှ တာဝန်ရှိသူများက ပြောသည်။‘‘ဖိတ်တာတော့ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများ တွေ့ဆုံ ဆွေးနွေးလိုပါသဖြင့်လို့တော့ ပါတယ်။ ပါတီတွေနဲ့ကော်မရှင်ကြားထဲမှာ နားလည်မှုလွဲတဲ့ကိစ္စတွေပွင့်ပွင့် လင်းလင်း ဆွေးနွေးဖို့တော့ရှိတယ်’’ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့် ကပြောသည်။

ယခုနှစ် နိုဝင်ဘာတွင် ကျင်း ပမည့် ကြားဖြတ်ရွေးကောက်ပွဲ တွင် ပြည်ခိုင်ဖြိုးပါတီ ဝင်ရောက် ယှဉ်ပြိုင်ခြင်း ပြု၊ မပြုသည် ယခု တွေ့ဆုံဆွေးနွေးမှု ရလဒ်အပေါ် တွင် မူတည်ကြောင်း ၎င်းကဆို သည်။ ကော်မရှင်နှင့်တွေ့ဆုံရာ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မရှင် အဖွဲ့ခွဲများ၏ ရွေးကောက်ပွဲ ကြီးကြပ်နိုင်စွမ်းအပေါ် မေးခွန်းထုတ် ဆွေးနွေးရန်စီစဉ်ထားကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေကပြောသည်။ ထို့အပြင် ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲကျင်းပစဉ် ရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက်များ အပေါ် အကြံပြု ဆွေးနွေးမည်ြ ဖစ်ကြောင်း ၎င်းကပြောသည်။ ‘‘ရွေးကောက်ပွဲဝင်ဖို့ တောင်မှအများကြီးစဉ်းစားရမယ့် အနေအထား တွေရှိလို့ ပွင့်ပွင့်လင်းလင်း တင်ပြဖို့ရှိပါတယ်။ နောက်တစ်ခုက ရပ်ကျေးတို့၊ မြို့နယ်တို့က ကော်မရှင် အဖွဲ့ခွဲ တွေမှာ အင်န်အယ်လ်ဒီ အဖွဲ့ဝင်တွေ ပါနေတယ်လို့ကြားလို့ အဲဒါ လည်း တင်ပြဖို့ရှိတယ်’’ ဟု ဦးခင် မောင်ဆွေက ပြောသည်။

လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံညှိနှိုင်းမှု အားနည်း နေကြောင်း ဝေဖန်ခံထားရသည်။ ကော်မရှင်သည် ၂၀၁၇ ဧပြီလတွင် ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ပြန်လည်သုံးသပ်ဆွေး နွေးပွဲကို ယမန်နှစ်ဇွန်လက ကျင်း ပပြီးနောက် နိုင်ငံရေးပါတီများနှင့် စုပေါင်းတွေ့ဆုံမှုမရှိသေးပေ။ သို့ဖြစ်ရာ ယခုတွေ့ဆုံမှု သည် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်နှင့် နိုင်ငံရေး ပါတီများ တစ်နှစ်အတွင်း ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်သည်။ လက်ရှိအထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင် ခွင့်ပြုထားသည့် နိုင်ငံရေးပါတီ ၉၅ ပါတီရှိသည်။ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီ အစဉ် (UNDP)မှ တာဝန်ရှိသူများက ဒီချုပ်ဗဟိုအလုပ်အမှုဆောင် အဖွဲ့ထံ လာရောက် တွေ့ဆုံစဉ် ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံမှုအားနည်းခြင်းကို  ထောက်ပြဆွေးနွေးကြောင်းဒီချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ပြော သည်။ ‘‘သူတို့ရဲ့ တိုက်တွန်းချက်ကြောင့်လည်း ဖြစ်ရင်ဖြစ်မှာပေါ့။ ကော်မရှင်နဲ့  ပါတီတွေကတော့ မိတ်ဖက် ပဲ။ ရွေးကောက်ပွဲကို ကျင်းပပေးတဲ့ ကော်မရှင်နဲ့ ပါဝင် ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေက အမြဲတမ်း ညှိနှိုင်းဆွေးနွေး နေရမှာပဲ။ ဒါမှ လွတ်လပ်တရား မျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်မယ်။ အစစအရာရာ အဆင်ပြေ ချောမွေ့မှာပါ’’ဟု ၎င်းကပြောသည်။