ချဲလ်ဆီးကို ပင်နယ်တီအဆုံးအဖြတ်နဲ့နိုင်ပြီး လိဂ်ဖလား ၂ နှစ်ဆက် ဗိုလ်စွဲခဲ့တဲ့ မန်စီးတီး

ချယ်လ်ဆီး ၀-၀ မန်စီးတီး

(ပင်နယ်တီ အဆုံးအဖြတ်မှာ မန်စီးတီး ၄-၃ဂိုးနဲ့နိုင်)

ဒီနှစ်အတွက် လိဂ်ဖလားပြိုင်ပွဲရဲ့ ဖိုင်နယ်မှာတော့ လက်ရှိချန်ပီယံ မန်စီးတီးက ချယ်လ်ဆီးကိုနိုင်ပြီး ချန်ပီယံ ဆုကို ကာကွယ်နိုင်ခဲ့ပါတယ်။ နှစ်သင်းစလုံး ပွဲအတွင်းမှာ ခြေစွမ်းသိပ်မကွာကြဘဲ အကြိတ်အနယ် ကစားခဲ့ကြတာပါ။ ဂိုးသွင်းခွင့် ထိထိရောက်ရောက် မရခဲ့ပေမယ့် ကွင်းလယ်ပိုင်း အားပြိုင်ခဲ့ကြပြီး အရှုံးအနိုင်မပေါ်တဲ့ အထိ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးက အဓိက ကစားသမားတွေ လူစုံခဲ့ပေမယ့် ချယ်လ်ဆီးကတော့ တိုက်စစ်မှူးတွေကို မသုံးဘဲ ဟာဇက်ကို False No 9 ပုံစံ ထားကစားခဲ့ပါတယ်။ ပထမပိုင်းမှာ ပွဲကို စိုးမိုးထားတဲ့ မန်စီးတီးကို ဒုတိယပိုင်းမှာ ချယ်လ်ဆီးက အကောင်းဆုံး တုန့်ပြန် ကစားနိုင်ခဲ့ပါတယ်။ မိနစ် ၉၀ပြည့်တဲ့အထိ ဂိုးမသွင်းနိုင်လို့ အချိန်ဆက် ကစားခဲ့ရာမှာလည်း ဂိုးမသွင်းနိုင်လို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပါတယ်။

ပင်နယ်တီ ကန်ခါနီးမှာ ချယ်လ်ဆီးဖက်က ဒဏ်ရာရနေတဲ့ ဂိုးသမား ကတ်ပါကို ထုတ်ပြီး ကာဗယ်ယာရိုကို ထည့်သွင်းခဲ့ပေမယ့် ကစားသမားက ငြင်းဆိုခဲ့လို့ လူလဲမှု မဖြစ်ခဲ့ဘဲ ပင်နယ်တီ ကန်ခဲ့ပါတယ်။

ပင်နယ်တီ အဆုံးအဖြတ်မှာတော့ ချယ်လ်ဆီးဖက်က ဂျော်ဂျင်ညို၊ ဒါးဗစ် လု့ဇ်တို့ လွဲချော်ခဲ့ပြီး မန်စီးတီးက ဆာနေ လွဲချော်ခဲ့ပေမယ့် မန်စီးတီးက ၄-၃ဂိုးနဲ့ နိုင်ပြီး လိဂ်ဖလားမှာ ၆ကြိမ်မြောက် ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ လက်ရှိချန်ပီယံ ဘွဲ့ကို ကာကွယ်နိုင်တဲ့ တတိယမြောက် အသင်းလည်း ဖြစ်လာသလို အအောင်မြင်ဆုံး စာရင်းမှာ လီဗာပူးလ်နောက် ဒုတိယနေရာကို တက်လာခဲ့ပါတယ်။

—Ref: BBC