နည်းပြကွန်တီ ဆက်လက်ရှိနေပါက အသင်းမှ ထွက်ခွာဖြစ်မည်ဟု ဝီလီယံဖွင့်ဟ

နည်းပြဟောင်း ကွန်တီ သာ ချယ်လ်ဆီးကို ဆက်လက် ကိုင်တွယ်နေမည်ဆိုပါက အသင်း၌ ဆက်နေရန် အခွင့်အရေး လုံးဝမရှိကြောင်း ဘရာဇီးတောင်ပံကစားသမား ဝီလီယံက ပြော သည်။

ကွန်တီသည် ၂၀၁၆-၁၇ ဘောလုံးရာသီက ချယ်လ်ဆီးကို ပရီးမီးယားလိဂ်ဖလားရအောင် လမ်းညွှန်ပေးနိုင်ခဲ့ သော်လည်း ၂၀၁၇-၁၈ ဘောလုံးရာသီတွင် အမှတ်ပေးဇယား၌ အသင်း အဆင့် (၅) ချိတ်ခဲ့ပြီးနောက် ဇူလိုင်က နည်းပြရာထူးမှ ထုတ်ပယ်ခံရသည်။

ကွန်တီ၏ နေရာကို နာပိုလီ နည်းပြဟောင်း မော်ရီဇီယိုဆာရီ က ဆက်ခံခဲ့ပြီး ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်တွင် ဟက်ဒါဖီးလ်ကို သုံးဂိုးပြတ်အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့သည်။

‘‘နည်းပြဆာရီက ဘောလုံးကွင်းထဲမှာ ကိုယ့်ကိုယ်ကိုယ် ပျော်ပျော်ရွှင်ရွှင်ကစားဖို့ ကစားသမားတွေကို ပြောဆိုထား ပါတယ်။ ချယ်လ်ဆီးကို ရောက်လာပြီးတဲ့နောက် ဆာရီက ရယ်စရာအကြောင်းတွေ ပြောပြပါတယ်။ ဆာရီရဲ့ လက်အောက်မှာ ကစားရတာ ပျော်စရာပါ’’ဟု ဝီလီယံ (၃၀)နှစ်က ပြောသည်။

ဝီလီယံသည် အပြောင်းအရွှေ့ဈေးကွက်တွင် ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်နှင့် မန်ယူသို့ ပြောင်းရွှေ့မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ဩဂုတ် လဆန်းက ချယ်လ်ဆီး၌သာ ဆက်လက်ရှိနေမည်ဟု ၎င်းက ကတိပြုခဲ့သည်။

ကွန်တီသာ နည်းပြရာထူးမှ ထုတ်ပယ်မခံရပါက ချယ်လ်ဆီး ၌ ဆက်ရှိ၊ မရှိ မေးမြန်းခံရစဉ် ဝီလီယံက ‘‘ကွန်တီရဲ့ လက်အောက်မှာနေဖို့ အခွင့်အရေးမရှိပါဘူး။ ကျွန်တော် ဒီမှာရှိနေတယ်ဆိုတာ ချယ်လ်ဆီးအတွက် ကစားပေးချင်လို့ပါ။ ချယ်လ်ဆီးက ကျွန်တော့်ကို ထွက်သွားစေချင်တဲ့အခါကျမှသာ ကျွန်တော် ထွက်သွားမှာပါ’’ဟု ပြောသည်။

ချယ်လ်ဆီးသည် ပရီးမီးယားလိဂ် ပွဲစဉ် (၂) အဖြစ် အာဆင်နယ်နှင့် တွေ့မည်ဖြစ်ပြီး ယင်းပွဲနှင့်ပတ်သက်၍ ဝီလီယံက ‘‘အခုတော့ ကျွန်တော်တို့မှာ မတူခြားနားတဲ့ ကစားဟန်ရှိပါတယ်။ ဒါကြောင့် အာဆင်နယ်အတွက် ပြဿနာတွေ ဖန်တီးပေးနိုင်ပါတယ်။ အာဆင်နယ်နဲ့ပွဲက အထူးစပယ်ရှယ်ပွဲဖြစ်လာမှာပါ။ ဘာလို့လဲဆိုတော့ ဒါက လန်ဒန်ဒါဘီလေ။ အာဆင်နယ်နဲ့ ကစားရတာက အမြဲပဲခက်ခဲပါတယ်။ တစ်ပတ်အတွင်း အာဆင်နယ်နဲ့ပွဲအတွက် ကောင်းကောင်းပြင်ဆင်ရပါမယ်’’ဟု ပြောကြားသည်။  

—Ref: BBC