မန်စီးတီးအသင်း ကမ္ဘာ့ပဉ္စမမြောက် ဝင်ငွေအကောင်းဆုံးအသင်းဖြစ်လာ

မန်စီးတီးအသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီက ဝင်ငွေပေါင် သန်း ၅၀၀ ကျော်ရရှိခဲ့ပြီး ကမ္ဘာပေါ်တွင် ပဉ္စမမြောက် ဝင်ငွေအကောင်းဆုံး ဖြစ်လာသော်လည်း မိမိတို့အသင်း၏ ခရီးစဉ်ရှည်ကြီး မပြီးဆုံးသေးကြောင်း အသင်းဥက္ကဋ္ဌ ကယ်လ် ဒွန်းအယ်လ်မူဘာရက်က ပြော သည်။

၂၀၁၈ ဇွန်လ ၃၀ ရက်အထိ တွက်ချက် ထုတ်ပြန်သော နှစ်စဉ် အစီရင်ခံစာတွင် မန်စီးတီးသည် ပေါင်သန်း ၅၀၀ ပမာဏကိုကျော်လွန်သည့် ဒုတိယ  အင်္ဂလန် ကလပ်အသင်းအဖြစ် အတည်ပြု ခဲ့သည်။

မန်စီးတီးသည် လေးနှစ်ဆက်တိုက် အမြတ်ရခဲ့ပြီး အမြတ်ငွေပေါင် ၁၀ ဒသမ ၄ သန်း ရရှိခဲ့ကာ လစာနှင့် ဝင်ငွေအချိုး ၅၂ ရာခိုင်နှုန်းရှိခဲ့သည်။

မန်စီးတီးက ပရီးမီးယားလိဂ်တွင် စံချိန်တင် ၁၉ မှတ်ဖြတ်၍ အနိုင်ရခဲ့ပြီးနောက် နှစ်စဉ်အစီရင်ခံစာ၌ အမြတ်ငွေရရှိ ကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့အပြင်    ဂွာဒီယိုလာ၏ အသင်းသည် ပထမဆုံးအမှတ် ၁၀၀ ကျော်ရရှိသော အသင်းဖြစ်လာကာ သွင်းဂိုးပေါင်း ၁၀၀ ကျော်ခဲ့သည်။

‘‘ကျွန်တော်တို့ရဲ့ ခရီးရှည်ကြီးက မပြီးဆုံးသေးပါဘူး။ ကျွန်တော်တို့အတွက် ပြည့်မီရမယ့် ရည်မှန်းချက်တွေ ရှိပါသေးတယ်။ ကျွန်တော်တို့ ထပ်ပြီး ကြိုးစားအားထုတ်သွားပါမယ်’’ ဟု အသင်း ဥက္ကဋ္ဌ အယ်လ်မူဘာရက်က ပြော သည်။

ချန်ပီယံလိဂ်တွင် ထပ်မံတိုးတက်မှုရရှိရေးသည် အဓိက ပစ်မှတ်ဖြစ်သည်ဟု အမှုဆောင်အရာရှိချုပ် ဖာရန်ဆိုရီယန်တိုက ဖြည့်စွက်ပြောကြားသည်။

မန်စီးတီးသည် အဘူဒါဘီ ယူနိုက်တက်အုပ်စုမှ ရှိက်မန်ဆိုး ၏ ပိုင်ဆိုင်မှုအောက်တွင် ၁၀ နှစ်တာကာလ ပြည့်သွားပြီ ဖြစ်သည်။

ထိုစဉ်က အသင်း၏ဝင်ငွေသည် ပေါင် ၁၀၄ သန်းသာရှိပြီး တူရကီအသင်း ဖီနာဘာချီ၏ ဝင်ငွေနှင့်အတူတူ ဖြစ်သည်။ ယခုဆိုလျှင် ဝင်ငွေအားဖြင့် မန်စီးတီး ၏ အထက်တွင် ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နှင့် မန်ယူအသင်းတို့သာ ရှိတော့သည်။

—Ref:Goal