ဥရောပမှာပါ စံချိန်တင်သွားခဲ့တဲ့ ဘောလုံးလူကြမ်း ရာမို့စ် ရဲ့ မှတ်တမ်း

ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်ဟာ မနေ့ညနေက ကစားခဲ့တဲ့ ဂျီရိုနာအသင်းနဲ့ လာလီဂါ ပွဲစဉ်မှာ အနီကတ်ပြစ်ဒဏ် ထိခဲ့ပြီးနောက် ဆိုးရွားတဲ့ စံချိန်မှတ်တမ်းတစ်ခုကို ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

Sky Sports ရဲ့ ဖော်ပြချက်အရ ရာမို့စ်ဟာ ဥရောပထိပ်တန်းလိဂ် (၅)ခုမှာ အနီကတ်အများဆုံး ထိခဲ့တဲ့ ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့တာလို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်ကစားသမားဘ၀မှာ စုစုပေါင်းအနီကတ် (၂၅)ကြိမ်အထိ ရာမို့စ်က ပြသခံခဲ့ရတာလည်း ဖြစ်ပါတယ်။ ပွဲချိန်အတွင်းမှာ လက်နဲ့ထိခဲ့လို့ အ၀ါကတ်ပြားပြသခံခဲ့ရတဲ့ ရာမို့စ်ဟာ ပွဲပြီးခါနီးမှာ ချေပဂိုး ရဖို့အတွက် နောက်ပြန်ကန်ချက်ကနေ ဂိုးသွင်းဖို့ အားထုတ်ခဲ့ရာကနေ ပြိုင်ဘက်ကစားသမားကို ထိခိုက်မိခဲ့ ပြီးနောက် နောက်ထပ်တစ်ကြိမ် အ၀ါကတ်ထိကာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

လာလီဂါသမိုင်းတစ်လျှောက်မှာလည်း အနီကတ်အများဆုံးပြသခံထားရတဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင် ထားခဲ့ ရာမို့စ်ဟာ ဥရောပဘောလုံးလောကမှာလည်း အနီကတ်အများဆုံး ပြသခံရသူအဖြစ် ထပ်မံပြီး မှတ်တမ်းဝင် သွားခဲ့ပါတယ်။ ဥရောပထိပ်တန်းလိဂ် (၅)ခုမှာ ယခင်က အနီကတ်အများဆုံးပြသခံထားရသူက ဘော်ဒိုး၊ နိုက် နဲ့ မာဆေးလ်အသင်းသားဟောင်း ခရိုင်ရယ်လ်ရူးလ်ဖြစ်ပြီး (၁၉)ကြိမ် ပြသခံခဲ့ရတာ ဖြစ်ပါတယ်။

ဂျီရိုနာနဲ့ပွဲမှာ အနီကတ်ထိခဲ့ပြီးနောက် ရာမို့စ်ဟာ အမှတ်ပေးပြိုင်ပွဲမှာ အနီကတ်စုစုပေါင်းအကြိမ် (၂၀)အထိ ပြသခံခဲ့ရပြီး စံချိန်သစ်တင်သွားတာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၃)ကြိမ်၊ စပိန်ဘုရင့်ဖလားပြိုင်ပွဲမှာ (၂)ကြိမ် အထိ ရာမို့စ်က အနီကတ်ပြသခံထားရပြီး စုစုပေါင်း အားဖြင့် (၂၅)ကြိမ်အထိ အနီကတ်ပြသခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရာမို့စ်ဟာ စပိန်လက်ရွေးစင်ကစားသမားဘ၀မှာ အနီကတ်လုံးဝပြသခံထားရခြင်း မရှိသေးပဲ ကလပ်အသင်းအဆင့်မှာသာ အခုလိုမှတ်တမ်းဆိုးဝါးနေခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်း သမိုင်း တစ်လျှောက်မှာလည်း ရာမို့စ်က ဘယ်ကစားသမားထက်မဆို အနီကတ်ပြသခံရမှု (၂)ဆအထိ များပြားနေပြီး ဖာနန်ဒိုဟီယာရိုက (၁၂)ကြိမ်၊ ဂူတီက (၁၀)ကြိမ်နဲ့ ရာမို့စ်နောက်မှာ ရပ်တည်နေခဲ့တယ်လို့ သိရပါတယ်။ 

Source: Duwun