ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပါတီလုပ်ငန်းစိစစ်ရေးကော်မတီဥက္ကဋ္ဌ ရှမ်းပြည် နယ် (အရှေ့ပိုင်း) နယ်မြေတာဝန်ခံ ဦးစိုးနိုင်သည် ကျိုင်းတုံခရိုင် မိုင်းပျဉ်းမြို့နယ် ယန်းခမ်းကျေးရွာအုပ်စု စုပုံရွာ တွင် ယနေ့နံနက်ပိုင်းက ပြုလုပ်သော ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက်ခဲ့သည်။ အဆိုပါ စုပုံရွာမှ လူဦးရေ ရာခိုင်နှုန်း ၉ဝ ခန့် ပါတီဝင်ရောက်လာပြီး ပါတီဝင်အင်အား ၉၂ ဦး ရှိကြောင်း သိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) နယ်မြေတာဝန်ခံ ဦးစိုးနိုင်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိုင်းဆိုင်ကျောက်ဆမ်တို့က အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် မိုင်းပျဉ်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူလူထုအကျိုးပြုလုပ်ငန်းများအား ရှင်းလင်း တင်ပြခဲ့သည်။ ထို့နောက် ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက်လာသူများအား အဆိုပြုလွှာပေးအပ်ခြင်း၊ ပါတီရင်ထိုးတံဆိပ်များ တပ်ဆင်ပေးခြင်းများ ပြုလုပ်ခဲ့ပြီး တက်ရောက်လာသည့် ပြည်သူ လူထုများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ သည်။

ဆက်လက်၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နယ်မြေတာဝန်ခံ ဦးစိုးနိုင်သည် မိုင်းပျဉ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ ရပ်/ကျေးကော်မတီဝင်များနှင့် မက်ပန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှုဆောင်အဖွဲ့များနှင့် ထပ်မံတွေ့ဆုံခဲ့ကြကြောင်း သိရသည်။