ပြည်ခိုင်ဖြိုးပါတီ လူငယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပခြင်း

(၂၇-၁၁-၂၀၁၇) ရက်နေ့ နေ့လည်(၁၄း၃၀) အချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်/မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌ (ဖလား) လူငယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို တာလေမြို့၊ အမှတ် (၃၁၆) တပ်ရင်းရှေ့ ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဖွင့်ပွဲတွင် တာလေမြို့နယ်၊ နားအွန်ရွာ လားဟူတိုင်းရင်းသူလေးများက ရိုးရာသီချင်းအကဖြင့် ဖွင့်လှစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ဗဟိုကော်မတီဝင်) ဦးဝီလ်ဆင်မိုးမှ နှုတ်ခွန်းဆက် အဖွင့်အမှာ စကား ပြောကြားခဲ့ပါသည်။ ထို့နောက် မြို့နယ်ကော်မတီဝင် ဦးအောင်ထန်မှ ပြိုင်ပွဲဖြစ်ပေါ်လာရခြင်းနှင့် ပြိုင်ပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ဦးဆောင်၍ ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ ပြိုင်ပွဲဝင် အသင်းသားများအား တစ်သင်းခြင်းနှင့် ဒိုင်အဖွဲ့များ အခမ်းအနားသို့ တက်ရောက်အားပေးသည့် ဌာနဆိုင်ရာအကြီးအကဲများအား လှည်လည်နှုတ်ဆက်ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

ထို့နောက် ကျိုင်းလပ်လူငယ်အသင်းနှင့် ပန်ပဲလူငယ်အသင်းတို့ ပွဲဦးထွက်ယှဉ်ပြိုင်ကစားရာတွင် ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးဘိုစံမှ ဘောလုံးကန်ဖွင့်လှစ်ပေးခဲ့ပါသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲသို့ အသင်း (၁၂) သင်းပါဝင် ယှဉ်ပြိုင်ခဲ့ပြီး အခမ်းအနားသို့ ဗဟိုကော်မတီဝင် ဦးဝီလ်ဆင်မိုး၊ ပြည်နယ်ကော်မတီဝင် ဦးရှာမွေလရှဲန်၊ ကျိုင်းတုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစတီဗင်၊ မိုင်းခတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကီးကောနှင့် တာချီလိတ် ခရိုင်/မြို့နယ်ပါတီ ဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ်ကော်မတီဝင်များ၊ တာလေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခွန်စိုးသူ၊ တာလေ ရဲစခန်းမှူး၊ လျှပ်စစ်၊ မြေစာရင်း၊ စိုက်ပျိုးရေး၊ စည်ပင် ဦးစီးမှူး၊ တာလေ(၃၁၆)တပ်ရင်းမှူး ဗိုလ်မှူး နန်းလွင်၊ အမတ (၃၈၈) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး မျိုးသူရအောင်တို့ တက်ရောက်ပြီး ဒေသခံ ပြည်သူများနှင့် ပြိုင်ပွဲကို တစ်ပျော်တစ်ပါးအားပေးခဲ့ပြီး ဖွင့်ပွဲတွင် လားဟူရိုးရာအကအဖွဲ့အား ဗဟိုကော်မတီ ၀င် ဦးဝီလ်ဆင်မိုးက ဘတ် (၃၀၀၀) ဆု ချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။