၂၁ ရာစု ပင်လုံညီလာခံ ဖိတ်ကြားမှု အစီအစဉ်ကို ကယားနိုင်ငံရေးပါတီ (၃) ခု စုပေါင်းကန့်ကွက်

၂၁ ရာစု ပင်လုံညီလာခံကို နိုင်ငံရေးပါတီများ တက်ရောက်ရန် ဖိတ်ကြားရာတွင် တန်းတူအခွင့်အရေး မရှိခြင်းကြောင့် ကယားပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီ (၃) ခု စုပေါင်း၍ သြဂုတ်လ (၂၀) ရက်နေ့က ကန့်ကွက်စာ ထုတ်ပြန် လိုက်သည်။

Kayah

ယင်းထုက်ပြန်ချက်တွင် သြဂုတ်လ (၃၁) ရက်နေ့၌ ကျင်းပပြုလုပ်မည့် ၂၁ ရာစု ပင်လုံညီလာခံ အစည်းအဝေးတွင် အနိုင်မရ နိုင်ငံရေးပါတီ (၇၀) ရှိသည့်အနက် ပါဝင်သင့် ပါဝင်ထိုက်သူအဖြစ် (၅) ဦးသာ ပါဝင်ခွင့်ပြုခြင်းကြောင့် ကန့်ကွက်ရသည်ဟု ဆိုသည်။

၂၁ ရာစု ပင်လုံညီလာခံကို ကယားပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီများဖြစ်သော လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ၊ ကယားလူမျိုးစု ဒီမိုကရေစီပါတီနှင့် ကယန်းအမျိုးသားပါတီတို့က ကန့်ကွက်ခြင်းဖြစ်ကြောင်း သိရသည်။

“တန်းတူညီမျှမှုမရှိလို့ ၂၁ ရာစု ညီလာခံကို ကန့်ကွက်တာဖြစ်တယ်။ ညီလာခံမှာ နိုင်ငံရေးပါတီ အားလုံးရဲ့ အသံတွေ ပါဝင်ဖို့ တစ်ပါတီကို တစ်ဦး တက်ရောက်ခွင့်ပြုသင့်တယ်” ဟု လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖိုးရယ်က ပြောသည်။

သြဂုတ်လ (၃၁) ရက်နေ့တွင် ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံ အစည်းအဝေးသို့ အစိုးရအဖွဲ့ ကိုယ်စားလှယ် (၇၅) ဦး၊ လွှတ်တော်ကိုယ်စားလှယ် (၇၅) ဦး၊ တပ်မတော်သား ကိုယ်စားလှယ် (၁၅၀)၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းကိုယ်စားလှယ် (၁၅၀)၊ တရားဝင် နိုင်ငံရေးပါတီ (၁၄၅)၊ တိုင်းရင်းသား ကိုယ်စားလှယ် (၅၀)၊ အခြား ပါဝင်ထိုက် ပါဝင်သင့်သူ (၅၀)၊ ရွေးကောက်ပွဲ အနိုင်မရ နိုင်ငံရေးပါတီ (၇၀) ကိုယ်စားပြု (၅) ဦး စုစုပေါင်း (၇၀၀) ခန့် တက်ရောက်မည်ဖြစ်ပြီး တက်ရောက်ခွင့် ရရှိမည် ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲနိုင်ငံရေးပါတီ အစုအဖွဲ့ကိုယ်စားပြု (၅) ဦးသာ ဖိတ်ကြားရခြင်းသည် နိုင်ငံတော်အတိုင်ပင်ခံ၏ မူဝါဒ အရဟု ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစု ပင်လုံအကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၁) အဖွဲ့ဝင် ဦးခွန်မောင်သောင်းက ဆိုသည်။

“၂၁ ရာစုမှာ အားလုံးပါဝင်ဖို့ ဆောင်ရွက်နေတယ်။ ဘယ်လိုဖြစ်လာမယ်ဆိုတာ ဆွေးနွေးနေတယ်” ဟု ဦးခွန်မောင်သောင်း က ရှင်းပြပြောဆိုသည်။  #The Voice


Leave a Reply