အစိုးရနှင့် UNFC အပစ်အခတ်ရပ်စဲရေး တစ်နိုင်ငံလုံး တစ်ပြိုင်နက် ကြေညာရပ်စဲရန် အပါအဝင် အဓိကအချက်သုံးချက်ကို ဆွေးနွေး

တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးကို တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တစ်ပြိုင်တည်း ကြေညာရန် အပါအဝင်  အဓိကအချက်သုံးချက်ကို ပင်လုံအကြိုပြင်ဆင်ရေးကော်မတီနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဆွေးနွေးပွဲ၌ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ဒေါက်တာတင်မျိုးဝင်း ခေါင်းဆောင်သည့် ပင်လုံအကြိုပြင်ဆင်ရေးဆပ်ကော်မတီ (၂) နှင့် UNFC ၏ နိုင်ငံရေး ဆွေးနွေး မှုကိုယ်စားလှယ်အဖွဲ့ (DPN) တို့ သြဂုတ် ၂၀ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။ DPN ဒုအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဂွန်မော်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် တင်ပြထား သည့် နှစ်ဖက် အပြန်အလှန် အပစ်အခတ်ရပ်စဲကြောင်း ကြေညာရန် တောင်းဆိုချက်၊ နိုင်ငံရေးမူဘောင်ပြင်ဆင်ရန်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)မှ ပြင်ဆင်လိုသည့် အချက်များ စသည့်အကြောင်းအရာ သုံးချက်ကို အဓိက ဆွေးနွေးခြင်းဖြစ်ကြောင်း မီဒီယာများအား ပြောကြားသည်။ ထို့အပြင် စုစုပေါင်း ခေါင်းစဉ်ရှစ်ခုကို ဆွေးနွေးခဲ့ပြီး ရလဒ်ကောင်းမွန်ကြောင်း ၎င်းကဆိုသည်။

‘‘ဆက်ပြီးဆွေးနွေးရမယ့် ခေါင်းစဉ်နှစ်ခု၊ သုံးခု ကျန်ပါသေး တယ်။ ဆုံးဖြတ်ချက်အနေနဲ့ မဟုတ်သေးဘဲနဲ့ frame work တွေ့ပြီးတဲ့အခါကျမှ ဆုံးဖြတ်အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ သဘောတူထားပြီးသား ဖြစ် ပေမယ့် ရလဒ်ဆိုတဲ့ အနေအထားမျိုးနဲ့ မှတ်တမ်းတင်သွားတာဖြစ်ပါတယ်’’ ဟု ဗိုလ်ချုပ်ဂွန်မော်က ပြောသည်။

ထို့အပြင် NCA လက်မှတ်ရေးထိုးထားခြင်းမရှိသည့် အဖွဲ့များအနေဖြင့် ၂၁ ရာစု ပင်လုံညီလာခံတွင် မည်သည့်ပုံစံဖြင့် ပါဝင်မည်ကို ပူးတွဲကျင်းပရေး ကော်မတီ ဖွဲ့စည်းကာ တာဝန်ခွဲဝေသတ်မှတ်ပြီးသည့်အခါမှ သိရမည်ဖြစ်ကြောင်း ကေအိုင်အို ထိပ်ပိုင်းခေါင်းဆောင်လည်းဖြစ်သည့် ဗိုလ်ချုပ်ဂွန်မော်က ဆက်လက် ပြောကြား သည်။

၂၁ ရာစု  ပင်လုံညီလာခံ ပူးတွဲကျင်းပရေးကော်မတီကို သြဂုတ် ၂၁ ရက်တွင် အစည်းအဝေးပြုလုပ်၍ ဖွဲ့စည်းမည်ဖြစ်သည်။ ပူးတွဲကော်မတီတွင် NCA ရေးထိုးထား သည့်အဖွဲ့များမှ ရှစ်ဦး၊ လက်မှတ်မရေးထိုးထားသည့် အဖွဲ့များမှ ရှစ်ဦးစီဖြင့် ထည့်သွင်းဖွဲ့စည်းမည်ဖြစ်ကြောင်း ပင်လုံအကြို ပြင်ဆင်ရေးကော်မတီ ပြောခွင့်ရပုဂ္ဂိုလ်ကဆိုသည်။

# 7 Day Daily


Leave a Reply