ဒေဝူးဘတ်စ်ကားများ မြန်မာနိုင်ငံတွင် စတင်ထုတ်လုပ်မည်

မြန်မာနိုင်ငံတွင် မကြာမီကာလအတွင်း ဒေဝူးဘတ်စ်ကားများ ထုတ်လုပ်ဖြန့်ချိ သွားနိုင်တော့မည်ဖြစ်ကြောင်း ဒေဝူးဘတ်စ်ကားများ မြန်မာနိုင်ငံသို့ တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် တင်သွင်းဖြန့်ချိ နေသော ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မကြာမီကာလအတွင်း ဒေဝူးဘတ်စ်ကားတွေ ထုတ်လုပ်ဖြန့်ချိ သွားနိုင်တော့မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ အထူးသဖြင့် စီးပွားရေး မြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့တော်မှာ လိုအပ်နေတဲ့ အများပြည်သူသုံး ဘတ်စ်ကားတွေ၊ ကျောင်းသား ကျောင်းသူများ လုံခြုံ သက်သာစွာ အဆင့်အတန်းမြင့်စွာ အသုံးပြုနိုင်တော့မယ့် ကျောင်းကြို/ပို့ ယာဉ်တွေကို ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးပေးဖို့ ရည်ရွယ်ပါတယ်” ဟု Myanmar Coach Center Co; Ltd မှ မန်နေးဂျင်း ဒါရိုက်တာ ဒေါက်တာ ကျော်ကျော်အောင်က ပြောသည်။

အဆိုပါကုမ္ပဏီက တင်သွင်းသော ဒေဝူးဘတ်စ်ကား ၁၅ စီး၊ ရန်ကုန် အများနှင့်သက်ဆိုင်သောကုမ္ပဏီ လီမိတက် သို့လွှဲပြောင်းပေးအပ်သော အခမ်းအနား၌ ဦးကျော်ကျော်အောင်က ပြောသည်။

ဒေဝူးဘတ်စ်ကားများ မြန်မာနိုင်ငံ၌ ထုတ်လုပ်လာနိုင်သည်နှင့်အမျှ ပြည်သူများ အရည်အသွေး ကောင်းမွန်သော ဘတ်စ်ကားများ ဈေးနှုန်းသက်သာစွာ သုံးစွဲလာနိုင်မည်ဖြစ်သည့်အပြင် အလုပ်အကိုင် အခွင့်အလမ်းနှင့် နည်း ပညာ ကျွမ်းကျင်သည့် အတတ်ပညာရှင်များလည်း တိုးပွားလာမည် ဖြစ်ကြောင်း၊ ရန်ကုန် အများပြည်သူ သယ်ယူ ပို့ဆောင်ရေးတွင် ဒေဝူးကားများ သုံးစွဲမှုတိုးပွားကာ အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း သိရသည်။
ဒေဝူးကား ထုတ်လုပ်ရေးကုမ္ပဏီသည် တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံး ကားထုတ်လုပ်ရေး ကုမ္ပဏီများအနက် တစ်ခုဖြစ်သည်။
Ref: MOI


Leave a Reply