ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေး ဆိုင်းငံ့မှုနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးကော်မရှင်နှင့် တွေ့ဆုံရန် ALP စာပို့

ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေး ဆိုင်းငံ့မှုနှင့်ပတ်သက်၍ ငြိမ်းချမ်းရေးကော်မရှင်နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့ အကြား တွေ့ဆုံဆွေးနွေးရန် ကော်မရှင်သို့ စာပေးပို့ထားကြောင်း ALP ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါ်စောမြရာဇာလင်းက ပြောသည်။

ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးနှင့် ပတ်သက်ပြီး နယ်မြေဒေသ အခြေအနေအရ ဆိုင်းငံ့ရန် ဆုံးဖြတ်ကြောင်း ငြိမ်းချမ်းရေးကော်မရှင်၏ မေလ ၅ ရက်က အကြောင်းကြား စာနှင့်ပတ်သက်ပြီး ကော်မရှင်နှင့် တွေ့ဆုံရန် ကြိုးစားခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ALP အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သော်လည်း အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲကျင်းပခွင့် ဆိုင်းငံ့ခံရသည့်အပေါ် များစွာစိတ်မကောင်းဖြစ်ရပြီး ခွဲခြားဆက်ဆံခံရသည်ဟု မှတ်ယူကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အဖွဲ့ဝင် လည်းဖြစ်သည့် ဒေါ်စောမြရာဇာလင်းက မေလ ၇ ရက်တွင် ပြောကြားသည်။

‘‘ငြိမ်းချမ်းရေးကော်မရှင်ကို ကျွန်မတို့ ကမ်းလှမ်းထားပါတယ်။ စာက ဒီနေ့ပဲ ပို့လိုက်ပါတယ်။ တွေ့ဆုံဖို့ ရည်ရွယ် ချက်က အပြန်အလှန် ဆွေးနွေးရမှာပေါ့။ ဘာကြောင့် ဆိုင်းငံ့တာလဲ၊ ရခိုင်ပြည်ရဲ့ အနေအထားတွေဟာ ဆိုင်းငံ့ရလောက်အောင် ဘယ်လိုအနေအထားတွေကို ငြိမ်းချမ်းရေးကော်မရှင်က တွေ့ထားသလဲ။ ဆိုင်းငံ့ တယ်ဆိုတာ ဘယ်လောက်အချိန်အထိ ဆိုင်းငံ့တာလဲ စသည် အားဖြင့် တွေ့မှပဲ ဆွေးနွေးလို့ရမယ်’’ ဟု ဒေါ်စောမြရာဇာလင်းက ပြော ကြားသည်။

ရခိုင်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပခွင့် ဆိုင်းငံ့ခံရခြင်းနှင့်ပတ်သက်၍ ALP က မေလ ၆ ရက်တွင် သဘောထား ကြေညာချက်ထုတ်ပြန်ရာ ALP သည် လာမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစု ပင်လုံသို့ တက်ရောက်ရန် ဆန္ဒရှိသော်လည်း အဖွဲ့အတွင်း၌လည်းကောင်း၊ ရခိုင်ပြည်နယ်ရှိ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့်သော်လည်းကောင်း တိုင်ပင်ဆွေးနွေးရမည်ဟု ဖော်ပြထားသည်။

NCA အရ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို လူမျိုးအလိုက်၊ ဒေသအလိုက်နှင့် အကြောင်းအရာ အလိုက်ဟူ၍ ကျင်းပနိုင်ရာ ရခိုင်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ရခိုင်ပြည်နယ် စစ်တွေ မြို့၌ ကျင်းပနိုင်ရန် ရခိုင်လက်နက်ကိုင်အဖွဲ့ (ALP)၊ ရခိုင်အမျိုးသားပါတီ (ANP) နှင့် ရခိုင်လူမှုအဖွဲ့ အစည်း များက ကြိုးစားနေသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် ALP နှင့် ရှမ်းလက်နက်ကိုင် အဖွဲ့ (RCSS) တို့သည် လူမျိုးအလိုက် ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး ကြိုးစားနေသည်။ # 7 Day