ကုမ္ပဏီ ၁၂၄ ခုအား ဆောက်လုပ်ရေးဝန်ကြီးဌာနက ကန်ထရိုက်လိုင်စင်များထုတ်ပေး

ဆောက်လုပ်ရေးဝန်ကြီးဌာနက ကုမ္ပဏီ ၁၂၄ ခုအား ကန်ထရိုက်လိုင်စင်များထုတ်ပေးခဲ့သည်။

အဆိုပါ ကုမ္ပဏီ ၁၂၄ ခုတွင် တည်ဆောက်ရေးလုပ်ငန်းအရည်အသွေးစစ်ဆေးရေးကုမ္ပဏီများ(QA/QC) ၂၇ ခု၊ အင်ဂျင်နီယာပညာရပ်ဆိုင်ရာအကြံပေးဆောင်ရွက်သော ကုမ္ပဏီများ(Consultant) ၂ ခု၊ တည်ဆောက်ရေး လုပ်ငန်းများကို ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်လိုသော ကုမ္ပဏီများ(Construction) ၉၃ ခု၊ အဓိကတည်ဆောက်ရေး ပစ္စည်းပေးသွင်းလိုသောကုမ္ပဏီများ(Trading) ၂ ခုဖြစ်ကြောင်း သိရသည်။

ယင်းအပြင် လျှောက်ထားလိုသည့် ပြည်တွင်းဆောက်လုပ်ရေး ကုမ္ပဏီသည် ပြည်တွင်းတွင် မှတ်ပုံတင်သက်တမ်း မကုန်သေးသော ကုမ္ပဏီဖြစ်ရမည်ဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် လာရောက် လျှောက်ထားရမည် ဖြစ်ကြောင်း၊ (က) ကုမ္ပဏီနှင့် ပတ်သက်သော အချက်အလက်များ အပြည့်အစုံ၊ ( ခ ) အဆောက်အဦ ဦးစီးဌာနမှ ထုတ်ပေးသည့် ပုံစံတွင် စနစ်တကျဖြည့်စွက်ကာ တောင်းခံထားသော အချက်အလက်များ ပြည့်စုံစွာ အသေးစိတ် ထည့်သွင်းရပြီး အဆောက်အဦ ဦးစီးဌာနသို့ ပြန်လည်တင်ပြလျှောက်ထားရမည်ဖြစ်ကာ လိုအပ်သည့် စာရွက်စာတမ်းများမှာ ကုမ္ပဏီနှင့် ပတ်သက်သော စာရွက်စာတမ်း အပြည့်အစုံတို့သာ ဖြစ်ကြောင်းသိရသည်။