၂၁ ရာစု ပင်လုံညီလာခံ အကြို ဖွင့်ပွဲ၌ ရွေးကောက်ပွဲ အနိုင်မရ နိုင်ငံရေးပါတီ ဥက္ကဋ္ဌ အားလုံး တက်ရောက်ခွင့် ရမည်

၂၁ ရာစုပင်လုံညီလာခံ အကြိုဖွင့်ပွဲ၌ ရွေးကောက်ပွဲအနိုင်မရ နိုင်ငံရေးပါတီ ၇ဝ မှ ပါတီဥက္ကဋ္ဌများအားလုံး တက်ရောက်ခွင့်ရရှိမည်ဖြစ်ကြောင်း ၂၁ ရာစု ပင်လုံအကြို ပြင်ဆင်ရေးဆပ်ကော်မတီ (၂) အဖွဲ့ဝင် ဦးဇော်ဌေး (နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ) က ပြောကြားသည်။

ယင်းညီလာခံဖွင့်ပွဲ၌ အနိုင်မရနိုင်ငံရေးပါတီဥက္ကဋ္ဌများ တက်ရောက်ရန်  ဆပ်ကော်မတီများက ဖိတ်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။

“၂၁ ရာစု ပင်လုံညီလာခံဖွင့်ပွဲမှာ အနိုင်မရနိုင်ငံရေးပါတီ ဥက္ကဋ္ဌတွေ တက်ရောက်ခွင့်ရဖို့ ဖိတ်သွားမယ်။ ဖွင့်ပွဲရက်ကို  တက်ရောက်ဖို့ ဖြစ်တယ်”ဟု ဦးဇော်ဌေးက ဆိုသည်။

အဆိုပါညီလာခံ၌ အစိုးရအဖွဲ့ကိုယ်စားလှယ် ၇၅ ဦး၊ လွှတ်တော်ကိုယ်စားလှယ် ၇၅ ဦး၊ တပ်မတော်သား ကိုယ်စား လှယ် ၁၅ဝ ဦး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ကိုယ်စားလှယ် ၁၅ဝ ဦး၊ ရွေးကောက်ပွဲ အနိုင်ရ ပါတီများမှ ၁၄၅ ဦး၊ တိုင်းရင်းသား ကိုယ်စားလှယ် ၅ဝ ဦး၊ အခြား ပါဝင်ထိုက် ပါဝင်သင့်သူ ၅ဝ ဦး၊ ရွေးကောက်ပွဲ အနိုင်မရ နိုင်ငံရေးပါတီ (၇ဝ) ကိုယ်စားပြု (၅) ဦး စုစုပေါင်း (၇ဝဝ) ခန့် တက်ရောက်မည်ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

“အခုထိတော့ မဖိတ်သေးဘူး။ တိတိကျကျ ဖိတ်ရင်တော့ သွားသင့်ရင်သွားမယ်”ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဆိုသည်။

အနိုင်မရ နိုင်ငံရေးပါတီ ၇ဝ ခန့် သည် ညီလာခံ ဖွင့်ပွဲ၌ တက်ရောက်ခွင့် ရရှိသော်လည်း ညီလာခံ ဆွေးနွေးပွဲတွင် ကိုယ်စားပြု ငါးဦးသာ တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။

“ညီလာခံမှာက အနိုင်မရတဲ့ပါတီ ကိုယ်စားပြု ငါးဦး၊ ဖွင့်ပွဲမှာက အနိုင်မရ ပါတီဥက္ကဋ္ဌတွေကို ဖိတ်မယ်”ဟု ဦးဇော်ဌေး က ဆက်လက် ရှင်းပြ ပြောဆိုသည်။

အလားတူ ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ရန် ရွေးကောက်ပွဲ အနိုင်မရ နိုင်ငံရေးပါတီ ၇ဝ မှ ကိုယ်စားပြု ငါးဦး ရွေးချယ်ရန် သက်ဆိုင်ရာပါတီဥက္ကဋ္ဌများသည်  မတ်လ ၂၃ ရက်နေ့၌ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၌ အစည်းအဝေး ပြုလုပ်ရွေးချယ်သွားမည်ဖြစ်သည်။

‪# The Voice


Leave a Reply